October 19, 2024

ဆန်စျေးတည်ငြိမ်ရန်ဆိုကာ ၂၀၂၃ မိုးစပါးကို စျေးနှိမ့်ချဝယ်ယူခဲ့သော်လည်း လက်တွေ့စျေးမကျ၍ စပါးစိုက်တောင်သူနှင့် စားသုံးသူပြည်သူသာ နစ်နာပြီး ဆန်သိုလှောင်စျေးကစားသူများသာ အဆမတန်အကျိုးဖြစ်ထွန်းနေ

၃. ၁၂. ၂၀၂၃
Written by Ye Kyaw

ပြည်ပတင်ပို့ခြင်းမရှိဘဲ ပြည်တွင်း၌ အဓိကစားသုံးသည့် ‌ပေါ်ဆန်းဆန် ဈေးနှုန်းမြင့်တက်မှုမရှိအောင် ဆောင်ရွက်နေသည်ဆိုသော်လည်း တစ်ပတ်အတွင်း တစ်အိတ်လျှင် ကျပ် ၁၇,၀၀၀ နီးပါး ထပ်မံမြင့်တက်ခဲ့ပြီး တစ်အိတ်လျှင် ကျပ် ၂၁၀,၀၀၀ အခန့်အထိ စံချိန်တင် မြင့်တက်လာနေသည်ဟု ပြည်တွင်းဆန်လက်လီဈေးကွက်မှ သိရသည်။

ဒီဇင်ဘာလ တတိယအပတ်အထိ တစ်ပြည်လျှင် ကျပ် ၈,၀၀၀ သာရှိခဲ့သည့် ပေါ်ဆန်းဆန် (ထူးထူးရှယ်) ဈေးသည် ဇန်နဝါရီ ၂ ရက်တွင် တစ်ပြည်လျှင် ကျပ် ၈,၇၀၀ အထိ မြင့်တက်ခဲ့ခြင်းကြောင့် တစ်ပတ်အတွင်း တစ်ပြည်လျှင် ကျပ် ၇၀၀ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်အတွင်း ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၂၀၈,၈၀၀ ကျပ်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“ဈေးတက်တာက တစ်ပတ်လောက်ရှိပြီ အရင် ၈,၀၀၀ ကနေ ၈,၂၀၀ တက်တာ။ အခု ၈,၇၀၀ က နှစ်ရက်လောက်ပဲရှိသေးတယ်။ ဈေးတွေတက်နေလို့ ဆန်ဈေးနှုန်းတောင် အရင်လို မကပ်ထားဘူးလေ” ဟု သင်္ယန်းကျွန်းမြို့နယ်အတွင်းရှိ ဆန်လက်လီအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ပြည်တွင်းစားဆန်များ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများထက် မြင့်တက်နေသောကြောင့် ဈေးနှုန်းတည်ငြိမ်ခြင်းနှင့် ထပ်မံမမြင့်တက်စေရန် အရန်ဆန်များ ထပ်မံထုတ်ရောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဒီဇင်ဘာလအလယ်တွင် ပြောကြားထားသည်။

“ပေါ်ဆန်းဆန်များကို ဈေးနှုန်းတည်ငြိမ်ဖို့ ဦးစားပေးလုပ်နေပါတယ်။ ဆန်ဈေးနှုန်းကြီးမြင့်နေတာတွေကို ညှိနှိုင်းတာတွေ၊ ဆောင်ရွက်သွားမယ့်အခြေအနေတွေကို မကြာမီထုတ်ပြန်ပေးသွားပါမယ်” ဟု ဦးရဲမင်းအောင်က MT News သို့ ဖြေကြားထားသည်။

ပြည်ပသို့ တင်ပို့ခြင်းမရှိဘဲ ပြည်တွင်း၌ အဓိကစားသုံးသည့် ပေါ်ဆန်းဆန်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ တစ်အိတ် ကျပ် ၆၀,၀၀၀ ကျော်သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၂၀၈,၈၀၀ အထိ မြင့်တက်ခဲ့၍ နှစ်နှစ်အတွင်း  ရာခိုင်နှုန်း ၂၅၀ ခန့် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဆန်စျေးများကို တည်ငြိမ်အောင် ထိန်းချုပ်ရန်ဟုဆိုကာ ပြီးခဲ့သည့်လပိုင်းက မိုးစပါးပေါ်ချိန်တွင် တင်း ၁၀၀ ကို သိန်း ၃၀ နှင့် သိန်း ၄၀ ကြားဖြစ်ပေါ်နေသည့် ရွှေဘိုပေါ်ဆန်းစပါးကို တင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀ ထက် ကျော်လွန်မဝယ်ယူရန် ဆန်အသင်းချုပ်က ရည်ညွှန်းစျေး ထုတ်ပြန်ဝယ်ယူခဲ့သော်လည်း ဆန်အသစ်ထွက်ပေါ်လာချိန်တွင် ဆန်စျေးကျဆင်းခြင်းမရှိသည့်အပြင် အဆမတန် မြင့်တက်လာ၍ စားသုံးသူပြည်သူများနှင့် စပါးစိုက်တောင်သူများနစ်နာကာ ဆန်သိုလှောင်၊ စျေးကစားသူများသာ အဆမတန်အကျိုးဖြစ်ထွန်းသည့် အခြေအနေဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *