၂. ၁. ၂၀၂၄
Written by Hey Mar
မြန်မာမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးနီး ဖြစ်နေတဲ့ ဒေသအခေါ် ကမ္ဘာလိပ် အမျိုးအစားလိပ်မျိုးစိတ်က ရခိုင် ပြည်နယ် ကျိန္တလီဒေသရှိ ကမ်းရိုးတန်းမှာ လာရောက်ဥချနေတဲ့အတွက် ဝပ်ကျင်း ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအသင်းနဲ့ ဒေသခံတွေ ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
အဆိုပါ ကမ္ဘာလိပ် (ခေါ်) Leather back (ခေါ်) လိပ်စောင်းလျားမျိုးစိတ်ဟာ တနင်္သာရီတိုင်းအတွင်း ကမ်းခြေတွေမှာ ရံဖန်ရံခါ ငါးဖမ်းလှေတွေက တွေ့ရလေ့ရှိပေမယ့် ရခိုင်ကမ်းရိုးတန်းဖြစ်တဲ့ ကျိန္တလီဒေသမှာတော့ ၅ နှစ်တာကာလအတွင်း ဒုတိယအကြိမ်တွေ့မြင်ရတာလို့ ဆိုပါတယ်။
“ရခိုင်ကမ်းရိုးတန်း၊ ဂွမြို့နယ်နဲ့ ကျိန္တလီဒေသမှာ လိပ်မျိုးစိတ်တွေနဲ့ ပတ်သတ်ပြီး အဓိက ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကျွန်တော်တို့အဖွဲ့က လုပ်ဆောင်နေတာပါ။ ပင်လယ်လိပ်ထိန်းသိမ်းရေးလုပ်ငန်းတွေ အဓိက လုပ်နေပါတယ်။ ကျိန္တလီဒေသမှာ ပင်လယ်လိပ် ထိန်းသိမ်းရေး ဇုန် ၃ ခုဆိုပြီး ဒေသခံတွေ ကိုယ်တိုင်သတ်မှတ်ပြီးမှ ဥ နဲ့ စောင့်ကြည့်ခြင်းလုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေပါတယ်။၂၀၁၈ ကနေစပြီး လုပ်ကိုင်နေတာမှာ အခု၂၀၂၃ အထိဆို တက်ရောက် ဥချတာကတော့ လိပ်လျောင်းတွေကိုပဲ အတော်များများတွေ့ရတယ်။ အခုတက်တဲ့ လိပ်စောင်းလျားက ၂၀၁၉ ခုနှစ် ၇ လပိုင်းမှာ တစ်ခါတက်ခဲ့ဖူးပေမယ့် ဥက သားပေါက်ခြင်းကို မအောင်မြင်ခဲ့ဘူး။ သဘာဝဘေးအန္တရာယ်ကြောင့်ရော၊ လိပ်ဥကို ရေဖုံးလွှမ်းသွားတာတွေကြောင့်ပါ။ အခု က ဒုတိယအကြိမ် ကျွန်တော်တို့ ဒေသမှာ လာရောက်ဥချခြင်းဖြစ်ပါတယ်။ တနင်္သာရီဘက်မှာတော့ တက်တာတွေရှိတယ်။ မနှစ်တုန်းက ဧရာဝတီမှာ ဆိုရင်လည်း မော်တင်စွန်းအနီးက ဇီးချိုင်ဘက်မှာ တက်တာရှိတယ်။ ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ပြီးတော့ သားဖောက်ပေမယ့် မအောင်မြင်ခဲ့ဘူးပေါ့” လို့ ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအသင်း တာဝန်ရှိသူ ဦးသန့်ဇင်အောင်က ကမ္ဘာလိပ်ထိန်းသိမ်းရေး လုပ်ဆောင်ရာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကိုရှင်းပြပါတယ်။
ကျိန္တလီဒေသမှာ လာရောက်ဥတဲ့ ဥအနေအထားက အချင်း ၆ စင်တီမီတာ ရှိတယ်လို့ သိရပါတယ်။ လိပ်လာရာစွတ်ကြောင်းကို တိုင်းတာကြည့်ရာမှာ ခြေရာ အကျယ်က ၁၉၅ စင်တီမီတာ ရှိပြီး ဒီ ကမ္ဘာလိပ် ဥချတာကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ ပူးပေါင်းပြီး ဒေသခံတွေကိုယ်တိုင် အဓိကစောင့်ကြည့် ထိန်းသိမ်းနေတယ်လို့ သိရပါတယ်။
“လက်ရှိမှာတော့ ဥ က အောင်မြင်မယ် မအောင်မြင်မယ်တော့ မသိသေးဘူး။ တတ်နိုင်သမျှတော့ ကြိုးစားပြီး သားဖောက်နေပါတယ်။ လိပ်ဥကျင်းကို ကျွန်တော်တို့ ဖော်တဲ့အခါ၊ ဥချတဲ့အခါမှာ အရိအရွဲတွေပါတယ်။ အဲ့ဒါတွေကို ကျွန်တော်တို့ ဖယ်လိုက်ပြီဆိုရင် ဘေးက ပိုးကောင်လေးတွေက ဝင်လာပြီး လိပ်ဥတွေကို အန္တရာယ်ပေးနိုင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က အကုန်လုံးကို မဖော်ဘဲနဲ တစ်လုံးကိုပဲ ယူပြီး အချင်းတွေ ဘာတွေတိုင်းတာကြည့်တယ်။ ပြီးတော့ သူ့ သဘာဝအတိုင်း ပြန်ထားပေးခဲ့ပါတယ်။ ဥကျင်းထဲမှာ ဥက ၁၀၀ ဝန်းကျင်ရှိနိုင်တယ်။ ၂၀၁၉ ခုနှစ် ၇ လပိုင်းမှာ လာရောက်ဥချခဲ့တဲ့ ဥအရေအတွက်က ၉၇ လုံးရှိတယ်။ တခြားနေရာတွေမှာ တွေ့ရတဲ့ မှတ်တမ်းတွေအရလည်း အဲ့ဒီ ပမာဏဝန်းကျင်ပဲမို့ အခုလည်း ၁၀၀ နီးနီးရှိမယ် ခန့်မှန်းပါတယ် “လို့ ဦးသန့်ဇင်မောင်က ရှင်းပြပါတယ်။
ကမ္ဘာလိပ်ရဲ့ ဥ အရွယ်အစားက တစ်ခြားလိပ်တွေနဲ့ မတူဘဲ အရွယ်အစားကြီးမားကာ လိပ်လျောင်းတွေ ဥချနှုန်းထက် နည်းတယ်လို့သိရပါတယ်။ ရခိုင်ဒေသက လက်ရှိအနေအထားမှာ ပိတ်ဆို့တားဆီးမှုတွေရှိနေတဲ့အတွက် အခက်အခဲတွေလည်း အများကြီးရှိကြောင်း၊ အဖွဲ့အနေနဲ့က ဒေသခံတွေကိုယ်တိုင် ပါဝင်ပူးပေါင်းပြီး လိပ်ခြံကို ညဘက်နဲ့ နေ့ခင်းဘက်တွေမှာ စောင့်ကြည့်တဲ့ လုပ်ငန်းတွေ၊ ပင်လယ်လိပ်တက်ရောက်တဲ့ နေရာတွေမှာ၊ ကမ်းခြေမှာ လိပ်ထိန်းသိမ်းရေးအဖွဲ့တွေအနေနဲ့ အရင်က ညဦးပိုင်းတွေ ကင်းလှည့်ပေမယ့် အခု မနက် အစောပိုင်းတွေမှာ ကင်းလှည့်တာမျိုးတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပုံစာ။ ကမ္ဘာလိပ်ခြေရာစွပ်ကြောင်းနဲ့ လိပ်ဥကိုတွေ့ရစဥ်