October 19, 2024

၂. ၁. ၂၀၂၃
Written by Pan Ei

ထိုင်းအမျိုးသမီးတစ်ဦးရဲ့ အချစ်လိမ်လည်မှုမှာ ကျရှုံးခဲ့ရတဲ့ မြန်မာအမျိုးသားတစ်ဦးဟာ ဖုန်းနှစ်လုံးနဲ့ ငွေသား ဘတ် ၂၀၀၀၀ ဆုံးရှုံးခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဂါး လို့ ဖော်ပြထားတဲ့ အသက် ၃၂ ​​နှစ်အရွယ် မြန်မာအမျိုးသားဟာ ဒီဇင်ဘာ ၃၁ ရက်က ကောင်ပီနန် ရဲစခန်းက အရာရှိတွေကို သူ့ရဲ့ ချစ်သူ စောဝီယာရဲ့ လိပ်စာကို ရှာဖွေဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အရှေ့ပိုင်း ရာယောင် ပြည်နယ်မှာ ထိုင်းစတိုင် ချပါတီရောင်းပြီး ယာလာမှာ နေထိုင်တဲ့ သူ့ရည်းစား စောဝီယာ နဲ့ သုံးနှစ်ကြာအောင် စကားပြောခဲ့တယ်လို့ ဂါး က ရှင်းပြပါတယ်။ သူဟာ စောဝီယာ နဲ့ မိသားစုဘဝ စတင်လိုပြီး လွန်ခဲ့တဲ့ လေးလက ရာယောင်မှာ သူနဲ့အတူ နေထိုင်ဖို့ ခေါ်ခဲ့ပါတယ်။ စောဝီယာက ဘာသာရေး ဓလေ့ထုံးတမ်းအရ သူမကို ပထမဆုံးလက်ထပ်ရမယ်လို့ ဆိုကာ လေးလကြာ ရင်းနှီးတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေကို ငြင်းဆိုခဲ့ပေမဲ့ ဂါးကတော့ သူမနဲ့ အတူရှိနေရတာကိုပဲ ပျော်နေခဲ့တယ်လို့ ပြောပါတယ်။

အဲ့ဒီနောက် စောဝီယာဟာ သူမမိဘတွေရှိရာ ယာလာပြည်နယ်ကို အတူသွားရောက်ဖို့ နှစ်ဦးအတူ မီးရထားဘူတာမှာရှိနေစဉ် သူမအိမ်ဟာ တင်းကျပ်တဲ့ ဧရိယာမှာ ရှိတာကြောင့် ဂါး အတွက် တရားဝင်အထောက်အထားစာရွက်တွေ ပြန်ယူဦးမယ်လို့ဆိုကာ ငွေတွေရော ငွေသားတွေပါ ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။

သူက ယုံကြည်ပြီး စောင့်နေခဲ့ပေမဲ့ သုံးရက်ကြာတဲ့အထိ သူမ ပြန်မလာတာကြောင့် ဂါးက ရဲစခန်းသွားအကြောင်းကြားကာ သူမလိပ်စာကို ရဲကိုမေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီအခါမှ စောဝီယာ ပြောတဲ့ အဲ့လို စာရွက်စာတမ်းဆိုတာ မရှိကြောင်းနဲ့ ရဲအရာရှိတွေက ဂါး ကိုအလိမ်ခံလိုက်ရပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ဂါး ဟာ သူစိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့ပြီး သူဟာ စောဝီယာကို ချစ်ပြီး ယုံကြည်ခဲ့ကြောင်း၊ သူ့အပေါ် ဒီလို မလုပ်သင့်ကြောင်း၊ ငွေပြန်ပေးမယ်ဆိုရင်တော့ ခွင့်လွှတ်ဖို့ ဆန္ဒရှိပြီး အဲ့ဒီငွေဟာ သူတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် သူကြိုးစားပြီး စုဆောင်းခဲ့တဲ့ ငွေတွေဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဂါး ကို ရာယောင်ကို ပြန်ဖို့ ခရီးစရိတ် ပေးခဲ့ပြီး လိမ်လည်သူကို တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *