October 19, 2024

၂. ၁. ၂၀၂၄
Written by Hey Mar

ရန်ကုန်မြို့တွင်းအပါအဝင် ရန်ကုန်တိုင်းအတွင်းက အိမ်ခြံမြေအရာင်းအဝယ်တွေ ရပ်တန့်လုနီးနီး အခြေအနေမှာရှိနေတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

လွန်ခဲ့ တဲ့ ၅ လဝန်းကျင်ကတည်းက တန့်နေခဲ့တဲ့ အိမ်ခြံမြေလုပ်ငန်းတွေက အခုချိန်မှာတော့ ၈၀ ရာခိုင်နှုန်း ရပ်တန့်သွားတာလို့ ဆိုပါတယ်။ အိမ်ခြံမြေဈေးကွက် စတင်အေးသွားတာက ကျပ်နှစ်သောင်းတန် ဂယက်ကနေစတင်ခဲ့ပြီး အဲ့ဒီ့နောက်ပိုင်း အိမ်ခြံမြေ အရောင်းအခွန် ကြပ်မတ်လိုက်တာ၊ ကိုယ်စားလှယ် လွှဲပြောင်းတာတွေကို ကြပ်မတ်လိုက်တာတွေကနေ ဝယ်ရောင်းတွေ ငြိမ်ကျသွားပြီး အရင်က အရမ်းအထင်ကရ အရောင်းအဝယ်များတဲ့ နေရာတွေမှာတောင် အဝယ်ထက် အရောင်းများနေကာ ပေါက်ဈေးထက် လျှော့ချ ရောင်းချတာတွေရှိနေတယ်လို့ သိရပါတယ်။

“ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကြောင့် အရမ်းဟော့နေတဲ့ ဒလဘက်က အိမ်ခြံမြေတောင် ငြိမ်နေတယ်။ အရင် ကျပ်သိန်း ၃၀၀၀ လောက် ပေါက်နေတဲ့ နေရာက မဖြစ်မနေရောင်းချင်တော့ သိန်း ၂၅၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေတာတွေပါ တွေ့ရတယ်။ သတင်းကြားရတာတော့ မန္တလေး ပတ်ဝန်းကျင် ရှမ်းပြည်နယ် အစပ်တွေပေါ့။ အဲ့ဒီ့နေရာတွေမှာတော့ အရောင်း အဝယ်လိုက်နေတယ်။ နယ်စပ်တွေမှာ အ‌ခြေအနေမကောင်းတော့ ပိုက်ဆံအဆင်ပြေသူတွေက စစ်ဘေးရှောင်ချင်ကြတော့ ဝယ်ယူကြတဲ့ သဘောလဲ ပါတယ်”လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှုး ဦးသန်းထွန်းက ပြောပါတယ်။

ပြည်တွင်းမြို့ကြီးတွေက အိမ်ခြံမြေတွေကို အရင်က ရှမ်းမြောက်ကလုပ်ငန်းရှင်တွေက အဓိကဝယ်ယူကြ၊ စျေးကစားကြတာပါ။ လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ စစ်ဖြစ်နေတာ၊ ကျားဖြန့်လုပ်ငန်းတွေ ဖမ်းဆီးနေတာကြောင့် အကြီးမားဆုံးအိမ်ခြံမြေဝယ်လက် ပြိုကျသွားတာကလည်း ပြည်တွင်းအိမ်ခြံမြေစျေးကွက် အေးစက်လာတဲ့အဓိကအချက်ပါ။

ဒါ့အပြင် အိမ်ခြံမြေ ဝယ်ရောင်းသမားတွေ အခွန်ရှောင်ရာမှာ ပြုလုပ်လေ့ရှိတဲ့ Special Power, General Power လွှဲပြောင်းရယူကာ ဈေးတက်ချိန်ထိုင်စောင့် ဈေးကစားတာတွေကိုလည်း ဒီ့နောက်ပိုင်းမှာ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်ကြီး ချုပ်ဆိုပြီး ရောင်းခွန်ပါဆောင်ပြီးမှ လွှဲပြောင်းရယူခွင့်ပြုလိုက်တဲ့အတွက် အခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျသင့်လာတဲ့အခါမှာ အိမ်ခြံမြေဈေးကွက်အတွင်း လိုအပ်သူသာ အရောင်းအဝယ်ဖြစ်နေတဲ့ အ‌ခြေအနေလို့ ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူက ရှင်းပြပါတယ်။

“ရန်ကုန်အိမ်ခြံမြေတန့်သွားတာက ရန်ကုန်မြို့တွင်းမှာ အိမ်ခြံမြေရင်းနှီးမြှပ်နှံသူတွေက နယ်စပ်က သူဌေးတွေများတယ်။ အဓိက ဈေးကစားကြတယ်။ အခုနောက်ပိုင်း လမ်းပန်းဆက် သွယ်ရေးလည်း နည်းနည်းခက်သွားတော့ သူတို့လည်း သိပ်မလာကြတော့ဘူး။ နောက်တစ်ခုက တတ်နိုင်တဲ့ သူ အတော်များများ နိုင်ငံရွှေ့ကြတာကလည်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို တန့်သွားစေတာပါ” လို့ ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူက ပြောပါတယ်။

ပြည်တွင်း အိမ်ခြံမြေ အရောင်းများပြီး အဝယ်တန့်နေပေမယ့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ တိုက်ခန်းအရောင်းအ ဝယ်ဈေးကွက်ကတော့ ပြည်တွင်းအိမ်ခြံမြေအကျိုးဆောင်တွေ ဝင်ရောက်ချိတ်ဆက်လှုပ်ရှားလုပ်ကိုင်ရာမှာ အပတ်စဉ် အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

“ငွေကြေးအတန်အသင့်နဲ့ ပြည်တွင်းမှာ ပိုင်ဆိုင်မှု ရှိသူတွေက သူတို့ပိုင်ဆိုင်မှုတွေကို ဒေါ်လာအဖြစ် ပြောင်းလဲလိုက်ပြီး အနီးဆုံး ချင်းမိုင်၊ ဘန်ကောက်လောက်တော့ ရွှေ့ပြောင်းလိုက်ကြတယ်။ အဓိက က ငွေဈေးနှုန်း တည်ငြိမ်တယ်။ ကုန်ဈေးနှုန်း တည်ငြိမ်တယ်။ ဒီမှာ လတ်တလော အခြေအနေတွေအရ ငွေရှိတာတောင် ဝယ်မရတာတွေ ဖြစ်နေတာရော၊ နောက်ပြီး ဘန်ကောက်မှာ တစ်လ ဒေါ်လာ တစ်ထောင်နဲ့ လောက်ငရင်တောင် ပြည်တွင်းမှာ ၃၀၀၀ လောက်ကုန်နေတော့ ပိုင်ဆိုင်မှုကို ထိန်းသိမ်းပြီး အလုပ်အကိုင်အခွင့်အလမ်းပါ ရွေ့ပြောင်းနေကြတာပါ”လို့ Living in Bankok အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းကို လုပ်ကိုင်နေတဲ့ တာဝန်ရှိသူက ပြောပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *