October 19, 2024

၂. ၁. ၂၀၂၄
Translated by Htwe Ko Tun

အနောက်အုပ်စုကသာ ရုရှားနိုင်ငံ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို သိမ်းယူရန်ပြုလုပ်လာပါက ရုရှားအစိုးရအနေဖြင့်လည်း ထိုကဲ့သို့ပင် တန်ပြန်ပြုလုပ်သိမ်းဆည်းမည့် ပြည်ပနိုင်ငံများ၏ ပစ္စည်း ဥစ္စာပိုင်ဆိုင်မှုများကို အသင့်ပြုလုပ်ပြီးဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုညခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဒီဇင်ဘာ ၂၉ ရက်ကပြောကြားခဲ့ကြောင်းသိရသည်။

ရုရှားနိုင်ငံက ယူကရိန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသည့်နောက်တွင် အနောက်အုပ်စုက ရုရှားနိုင်ငံ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများတွင် ဒေါ်လာ ၃၀၀ ဘီလျံကိုထိန်းချုပ်မှုပြုကာ ထုတ်ယူသုံးစွဲမှုမပြုနိုင်အောင် ပိတ်ပင်ထားခဲ့သည်။ ထို့ပြင် ဂျီ-၇ နိုင်ငံများ၏ခေါင်းဆောင်များက ဖေဖော်ဝါရီလတွင် နောက်တစ်ကြိမ် တွေ့ဆုံသည့်အခါ ရုရှားနိုင်ငံ၏ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို ဥပဒေကြောင်းအရ သိမ်းယူရန်ဆွေးနွေးကြလိမ့်မည်ဖြစ်ကြောင်း Reuters သတင်းတစ်ပုဒ်က ဒီဇင်ဘာ ၂၈ ရက်တွင် ရေးသားခဲ့သည်။ Reuters သတင်းဌာနက ထိုအစီအစဉ်နှင့် ဗြိတိန်တာဝန်ရှိသူများကို ရင်းနှီးကျွမ်းဝင်သော အမည်မဖော်ပြသည့် သတင်းအရင်းအမြစ်နှစ်ခုကို ကိုးကားခဲ့ခြင်းဟုလည်းပြောခဲ့သည်။

ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က “ကျွန်တော်တို့နိုင်ငံကိုဒီလိုပြုလုပ်လာရင် ကျွန်တော်တို့အစိုးရဘက်ကလည်း တုံ့ပြန်မှုပြုနိုင်မယ့် အလား အလာတွေကို စဉ်းစားထားပြီးပါပြီ။ ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ တန်ပြန်အရေးယူဆောင်ရွက်မှုပြုမှာပါ” ဟု ပြောခဲ့ကြောင်း Tass သတင်းဌာနကာဖော်ပြခဲ့သည်။

ပက်စ်ကော့ဗ်က ရုရှားအနေနှင့် အနောက်အုပ်စု၏ မည်သည့်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို ပြန်လည်သိမ်းယူရန် စာရင်းပြုလုပ်ထားသည်ကို ပြောကြားရန်အတွက်မူ ငြင်းဆိုခဲ့သော်လည်း ပြန်လည်၍ လက်စားချေတုံ့ပြန်မှုပြုရန်ကြိုတင်ပြင်ဆင်ပြီးဖြစ်သည်ဟု ပြောခဲ့သည်။

ဂျီ-၇ အုပ်စုအနေနှင့် အကယ်၍ ရုရှားနိုင်ငံ၏ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများကို သိမ်းယူလိုက်မည်ဆိုလျှင် စစ်ပွဲအပြီး ယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေးအသုံးပြုရန်လော (သို့မဟုတ်) စစ်ပွဲဆင်နွှဲမှုကို အ ထောက်အကူပြုရန်လော မည်သို့အသုံးပြုမည်ဆိုသည်ကလည်း ရှင်းလင်းမှုမရှိပေ။ သို့သော် ရုရှားနိုင်ငံ ၏ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကိုသာ ဥပဒေကြောင်းအရဟုဆိုကာ သိမ်းယူမည်ဆိုလျှင် အပြည်ပြည်ဆိုင်ရာငွေကြေးစနစ်ကိုထိခိုက်ပျက်ပြားစေကာ အမေရိကန်ဒေါ်လာနှင့်ယူရိုငွေတို့ကို နိုင်ငံတကာသုံးငွေကြေးများအဖြစ် ယုံကြည်အားထားမှုကိုလည်း ဆုတ်ယုတ်လျော့ပါးစေမည်ဟု စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ရုရှားအစိုးရကမူ ရုရှားနိုင်ငံ၏ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများကို သိမ်းယူမည်ဆိုခြင်းက ‘ဗြောင်ကျကျ ခိုးယူမှု’ သာဖြစ်လိမ့်မည်ဟုပြောခဲ့သည်။

Ref—Yahoo News

Leave a Reply

Your email address will not be published. Required fields are marked *