October 19, 2024

၂. ၁. ၂၀၂၄
Written by Ye Kyaw

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁ ရက် (ယမန်နေ့)တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်အား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) ဖြင့် ထုတ်ပေးခဲ့ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ဒီဇင်ဘာ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့၍ ရောင်းချပေးခဲ့သည့် နှစ်ကြိမ်အတွင်း စုစု‌ပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးထားပြီးလည်းဖြစ်သည်။

သွင်းကုန်ပစ္စည်းအသစ် ဝယ်ယူနိုင်မှုနည်းလာခြင်းနှင့် ပြည်ပရောက် အလုပ်သမားများ နှစ်သစ်ကူး ရုံးပိတ်ရက် ပြန်လာချိန် ဒေါ်လာများပါလာသည့်အတွက် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃၅၀၀ အောက်သို့ ကျဆင်းနေပြီး တစ်ဒေါ်လာ ၃၄၅၀ ကျပ်ဝန်းကျင်၌ပင် တည်ငြိမ်နေခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ရက်အလိုက် ဒေါ်လာဈေးနှုန်းများမှာ ဒီဇင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ ၃၅၀၀ ကျပ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် တစ်ဒေါ်လာ ၃၄၈၀ ကျပ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် တစ်ဒေါ်လာ ၃၄၆၀ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ ဇန်နဝါရီ ၁ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ ဇန်နဝါရီ ၂ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *