October 19, 2024

၂. ၁. ၂၀၂၃
Written by Nay Moe

နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက NLD ထောက်ခံသူ၊ NUG နဲ့ PDF တွေဟာ တရုတ်နိုင်ငံက လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အမြဲတစေ တိုက်ခိုက်ဖျက်ဆီးခဲ့ပေမဲ့လည်း SAC အစိုးရနဲ့ ထိုင်းအစိုးရပူးပေါင်းပြီး မြဝတီမြို့အနီးရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်မယ်လို့ နှစ်နိုင်ငံပူးတွဲ ကြေညာအပြီးမှာတော့ မြဝတီမြို့အနီးက KNU တပ်မဟာတွေမှာ ခိုလှုံနေတဲ့ NUG ဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးတော့မယ်လို့ ထုတ်ပြန်လာပါတယ်။

မြဝတီမြို့အနီးမှာဆိုရင် အင်အားအကြီးဆုံးဖြစ်တဲ့ KNU ဟာ သူနဲ့တိုက်ရိုက်ဆက်နွှယ်နေတဲ့ KK Park အပြင် BGF ရဲ့ ရွှေကုက္ကိုလ်၊ DKBA ရဲ့ ရွှေမြစန္ဒီ နေရာတွေမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကျားဖြန့်လုပ်ငန်းတွေရှိနေတယ် သတင်းထွက်ပေါ်နေပြီး လက်ရှိမှာ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်တွေက ကျားဖြန့်တွေ ဖမ်းပေးနေချိန်မှာတောင် KNU က မသိကျိုးကျွံပြုနေခဲ့တာပါ။

KNU ဟာ အကျိုးစီးပွားတွေကြောင့် ကျားဖြန့်တွေကို မနှိမ်နင်းဘဲ ငြိမ်သက်နေတာကြောင့် ထိုင်း- မြန်မာ ကျားဖြန့်တိုက်ဖျက်ရေးစစ်ဆင်မှု စတင်လာရင် KNU ကို ခိုလှုံနေရတဲ့ NUG ပါ အထိနာနိုင်တာကြောင့် “မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွေ လုံခြုံအဆင်ပြေစေရေး တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ မြဝတီမြို့အနီး ပြုလုပ်နေတဲ့ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေကို နှစ်နိုင်ငံ ပူးပေါင်းပြီး တိုက်ဖျက်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲတို့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်က တွေ့ဆုံဆွေးနွေးအပြီးမှာပဲ” NUG က ဇန်နဝါရီ ၁ ရက် ရက်စွဲနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးတော့မယ်လို့ ထုတ်ပြန်လာတာပါ။

NUG ရဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားခေါင်းစဥ်နဲ့ ထုတ်ပြန်ခဲ့တဲ့ ဒီကြေညာချက်မှာဆိုရင် NUG ဟာ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လို့ မြန်မာနိုင်ငံအတွက် အထူးအရေးပါကြောင်း၊ “ဆွေမျိုး- ပေါက်ဖော်” ဆက်ဆံရေးတည်ဆောက်သွားမှာဖြစ်ပြီးတရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမှာဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန် ချစ်ကြည်မှုနဲ့ လူမှုစီးပွားအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို အစဉ်သဖြင့် ထိန်းသိမ်း၊ မြှင့်တင်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြားလူမှုစီးပွားလုပ်ငန်းတွေ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မှာဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံရဲ့ လုံခြုံရေးခြိမ်းခြောက်တဲ့အဖွဲ့အစည်းကို မြန်မာ့မြေပေါ် အခြေချခွင့်ပြုမှာမဟုတ်ကြောင်း၊ ၂၀၂၁ ရှေ့ပိုင်းက ချုပ်ဆိုထားတဲ့ တရုတ်-မြန်မာစာချုပ်အားလုံးကို တာဝန်ယူမှာဖြစ်ကြောင်း၊ ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းတွေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်း တိုက်ဖျက်သွားမှာဖြစ်ကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *