October 19, 2024

၂. ၁. ၂၀၂၄
Written by Ye Kyaw

မြန်မာ့မီးရထား၏ သီလဝါ-တိုးကြောင်ကလေး-ရန်ကုန်မြို့ပတ်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ သာစည်-မြင်းခြံ ရထားလမ်းပိုင်းများတွင် ရထားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းနှင့် ဘူတာ (၁၀) နေရာ၌ ဆက်စပ်သည့် Warehouse and Distribution Center အငယ်စားများ တည်ဆောက်/ လည်ပတ်လုပ်ကိုင်ခြင်း လုပ်ငန်းတို့ကို Package စနစ် (၅) နှစ်မူဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်/ ကုမ္ပဏီအဖွဲ့အစည်းများသို့ တင်ဒါအဆိုပြုလွှာတင်သွင်းနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ယနေ့တွင် ကြေညာထားသည်။

“လျှောက်မယ်ဆိုရင် တင်ဒါစည်းကမ်းချက်နဲ့ တင်ဒါအဆိုပြုလွှာပုံစံ အဲဒီမှာစာအုပ်ထုတ်ထားပေးတယ်။ အဲဒီမှာ ဘယ်လိုလုပ်ရမယ်။ ဘာတွေတင်ပြရမယ်ဆိုတာ အကုန်ရေးထားပေးတယ်။ လျှောက်မယ့်သူက အဲဒါကို သွားဝယ်လိုက်ရင် အကုန်ပါတယ်” ဟု နေပြည်တော်ရှိ မြန်မာ့မီးရထား(ရုံးချုပ်)မှ တာဝန်ရှိသူက ပြောသည်။

တင်ဒါလျှောက်လွှာများကို ဒုတိယအထွေထွေမန်နေဂျာ၊ ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် (၅၁) လမ်းထိပ် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာပုံစံ (Instructions to Tenderer & Request for Proposal) များကို (၁)စုံလျှင် ငွေကျပ် ၅၀၀,၀၀၀ နှုန်းဖြင့် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ရုံးချိန်အတွင်း (ရုံးပိတ်ရက်မပါ) ဝယ်ယူရမည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာများကို လာမည့် ဧပြီ ၁ ရက် နေ့လည် ၂ နာရီ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *