October 19, 2024

၂. ၁. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယား အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Lee Jae-myung ဟာ ဒီနေ့(ဇန်နဝါရီ ၂ ရက်) က တောင်ပိုင်းဆိပ်ကမ်းမြို့ ဘူဆန်ကို အလည်အပတ် သွားရောက်စဉ် လည်ပင်းကို ဓားနဲ့ ထိုးခံခဲ့ရကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Yoon Suk Yeol ကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့တဲ့ Lee Jae-myung ဟာ ဓားထိုးခံရမှုကြောင့် သတိလစ်သွားခဲ့ပြီး ဒေသဆိုင်ရာ တက္ကသိုလ်ဆေးရုံကို ပို့ဆောင်ထားကြောင်း ပါတီတာဝန်ရှိသူနဲ့ မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဂျီယောင်ဂီ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Lee ဟာ ဒီနေ့မှာ အဆိုပြုထားတဲ့ နေရာကို သွားရောက်လည်ပတ်စဉ် အမည်မသိအမျိုးသားတစ်ဦးဆီကနေ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် လည်ပင်းမှာ ၁ စင်တီမီတာခန့် ပေါက်ထွက် ဒဏ်ရာတွေ ရရှိခဲ့ကြောင်း YTN ရုပ်မြင်သံကြား သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်သူဟာ အသက် ၅၀ ဝန်းကျင်နဲ့ ၆၀ ဝန်းကျင်ဖြစ်ပုံရပြီး သူဟာ Lee ဆီ လက်မှတ်တစ်စောင်တောင်းဖို့ ချဉ်းကပ်ခဲ့ပြီးနောက် ရုတ်တရက် ရှေ့ကို တိုးကာ တိုက်ခိုက်ခဲ့တာဖြစ်သလို အခင်းဖြစ်ပွားရာနေရာမှာပဲ တိုက်ခိုက်သူကို လျင်မြန်စွာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သမ္မတ Yoon Suk Yeol ကတော့ ဒီတိုက်ခိုက်မှုဟာ လက်မခံနိုင်စရာ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး Lee အတွက် အလွန်စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကာ အမြန်ပြန်လည်ကောင်းမွန်လာစေဖို့ အကောင်းဆုံး ဂရုစိုက်ဖို့အတွက်လည်း ညွှန်ကြားထားကြောင်း သမ္မတရုံးက ပြောကြားခဲ့ပါတယ်။

သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပေမဲ့ တောင်ကိုရီးယားမှာ တခြားလက်နက်တွေပါ၀င်တဲ့ နိုင်ငံရေးအကြမ်းဖက်မှု သမိုင်းကြောင်းတွေ အရင်ကလည်းရှိခဲ့ဖူးပြီး တောင်ကိုရီးယားရဲ့ ပါလီမန် ရွေးကောက်ပွဲကို လာမယ့် ဧပြီလမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Ref; reuters

Leave a Reply

Your email address will not be published. Required fields are marked *