October 19, 2024

၂. ၁. ၂၀၂၄
Written by Nay Moe

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့တဲ့ ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဉ်မှာ အများခုန်ချချိန် ပုန်းအောင်းနေမှုကြောင့် တစ်ဦးတည်း လွတ်မြောက်ခဲ့တဲ့ Rapper FL3XX (ခ) ကောင်းမင်းသန့် (ခ) Flex ဟာ ထိုင်းနိုင်ငံမှာ ကျောက်ကပ်ရောဂါနဲ့ ဇန်နဝါရီ ၁ ရက် ညနေ ၅ နာရီကျော်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၀ ရက်မှာ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းက တိုက်ခန်းမှာ ခိုအောင်းနေပြီး ရန်ကုန်မြို့တွင်းမှာ ဖောက်ခွဲမှုတွေလုပ်နေတဲ့ လူငယ် ၉ ဦးကို ဝင်ဖမ်းချိန်မှာ လူငယ် ၅ ဦးက တိုက်ပေါ်က ခုန်ချပြီး ၃ ဦးကို လက်ရဖမ်းမိချိန်မှာ ကောင်းမင်းသန့်ဟာ တိုက်ခန်းနောက်ဖေးအမိုးပေါ်မှာ ပုန်းအောင်းကျန်နေခဲ့တာကြောင့် လွတ်မြောက်သွားတာပါ။

အဲဒီလို လွတ်မြောက်အပြီးမှာ ကောင်းမင်းသန့်ဟာ ရန်ကုန်မှာ UG အဖြစ် ဆက်လက်မလှုပ်ရှားနိုင်တော့တာကြောင့် KNU တပ်မဟာ ၆ နယ်မြေကို ထွက်ပြေးခဲ့ရပြီး ၂၀၂၂ မှာတော့ မဲဆောက်ကို ပြောင်းပြီး သီချင်းသီဆိုမှုလုပ်နေတာပါ။ လက်ရှိသေဆုံးမှုနဲ့ပတ်သက်ပြီးလည်း ထိုင်းမှာ ဖျော်ဖြေနေတဲ့ 3Bone အဖွဲ့ကလည်း ဝမ်းနည်းအမှတ်တရပြောထားခဲ့သလို အတူတွဲလုပ်ခဲ့တဲ့ “Break it Down”သီချင်းအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောထားတာ တွေ့ရပါတယ်။

၄၄ လမ်းဖြစ်စဥ်မှာ ခုန်ချသူ ၅ ဦးထဲက ၂ ဦးသေဆုံးခဲ့သလို သီဟကောင်းဆက်၊ ဝေဖြိုးအောင်၊ ပိုးကျော့ကျော့ခန့်တို့ကို လက်ရဖမ်းမိခဲ့ပါတယ်။ ဒီ ၃ ဦးက ကနဦးထွက်ဆိုချက်ပေးရာမှာ သူတို့အဖွဲ့ဟာ ဖောက်ခွဲမှု ၇ ကြိမ်လုပ်ခဲ့တယ်ထွက်ဆိုသလို သူတို့ဖမ်းမိချိန်မှာ လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ၁ ထုပ်လျှင် ဗျောက်အိုး ၅၀ ပါ အထုပ် ၂ ထုပ်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိခဲ့တာပါ။

ဒါ့အပြင် ဒီ ၄၄ လမ်းဖြစ်စဥ်မှာ သတင်းပေးတယ်လို့စွပ်စွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသိန်းဝင်း(ခ) ကိုဘော်ဘီကို Inya Urban Force အဖွဲ့က ဦးဆောင်ပြီး PDF အုပ်စုက ၂၀၂၂ ဇူလိုင် ၂၈ ရက်မှာ ကျည်သုံးချက်နဲ့ ပစ်သတ်ခဲ့သလို ၄၄ လမ်းဖြစ်စဥ်အတွက် လက်စားချေတာလို့လည်း Inya Urban Force အဖွဲ့က ထုတ်ပြန်ခဲ့သေးတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *