October 19, 2024

ငလျင်လှုပ်ခတ်အပြီး ပြည်သူ ၁၀၀,၀၀၀ ခန့်ကို ရွှေ့ပြောင်း ကယ်ဆယ်ထားရ

၂.၁.၂၀၂၄
Translated by Htwe Ko Tun

ဂျပန်နိုင်ငံ အလယ်ပိုင်း၊ ဟွန်ရှူးကျွန်း၏အနောက်ဘက်ကမ်းရိုးတန်း၌ ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်သွားခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၆ ရှိ အင်အားပြင်းထန်လှသော ငလျင်ကြောင့် ဆူနာမီဖြစ်လာနိုင်သည့် အရေးပေါ်အခြေအနေကြေညာထားခဲ့ရမှုကို ဇန်နဝါရီ ၁ ရက် ညပိုင်းတွင် ဂျပန်အစိုးရက ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သို့သော် ကြီးမားသောပင်လယ်ရေလှိုင်းလုံးများရှိနေဆဲဖြစ်၍ ကမ်းခြေဒေသနေပြည်သူများအား ၎င်းတို့ နေရပ်များသို့ ပြန်ခွင့်မပြုသေးကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၄ နာရီခန့်က ဟွန်ရှုးကျွန်းအနောက်ဘက် အီရှီကာဝါဒေသ၌ တစ်ဒါဇင်ခန့်ရှိသော ငလျင်များလှုပ်ခတ်ခဲ့ရာတွင် ရစ်ချ်တာစကေး ၇ ဒသမ ၆ ရှိ ငလျင်က အင်အားအပြင်းဆုံးဖြစ်ခဲ့ကြောင်း ဂျပန်ငလျင်တိုင်းတာရေးဌာနက ပြောခဲ့သည်။

ပြင်းထန်လှသောငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ငါးဦးအထိရှိသွားပြီဖြစ်ကြောင်း ဇန်နဝါရီ ၂ ရက် နံနက်တွင် ရဲတပ်ဖွဲ့နှင့်ဒေသအာဏာပိုင်များက ပြောခဲ့သည်။ သေဆုံးသူများ၏အလောင်းများကို ပြိုကျအဆောက် အအုံများ၏ အပျက်အစီးများအောက်မှ ဆွဲထုတ်ခဲ့ရခြင်းလည်းဖြစ်သည်။

ဂျပန်အစိုးရက ဟွန်ရှုးကျွန်းအနောက်ဘက်ကမ်းရိုးတန်းရှိ စီရင်စုကိုးခုမှ ပြည်သူ ၉၇,၀၀၀ ကျော်ကို ကယ်ဆယ်မှုပြုရန်အမိန့်ထုတ်ထားကြောင်း ဇန်နဝါရီ ၁ ရက် ညပိုင်းတွင် ပြောခဲ့သည်။ အားကစားအဆောက်အအုံများနှင့်ကျောင်းအားကစားရုံများကို အရေးပေါ်ကယ်ဆယ်ရေးစခန်းများအဖြစ် အသုံးပြုထားကြောင်းလည်း သိရသည်။

ငလျင်လှုပ်ခတ်မှု အင်အားပြင်းထန်ခြင်းကြောင့် အနောက်ဘက်ကမ်းရိုးတန်း၏ အချို့နေရာများတွင် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး အဆောက်အအုံနှင့်အိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်။ ဝါဂျိမာမြို့တွင်ဆိုလျှင်မီးလောင်မှုဖြစ်ပွားကာ အိမ် ၃၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။

ငလျင်ကြောင့် စုစုပေါင်း ထိခိုက်သေဆုံးမှု အတိအကျကိုမူ မပြောနိုင်သေးကြောင်း သိရသည်။ ဂျပန် မြေငလျင်ဌာနကလည်း ပြည်သူများအား ရစ်ချ်တာစကေး ၇ အထိရှိသော နောက်ဆက်တွဲ ငလျင်များ ရက်အနည်းငယ်အတွင်း လှုပ်ခတ်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

Ref- Asahi Shimbun

Leave a Reply

Your email address will not be published. Required fields are marked *