၁.၁.၂၀၂၄
Written By Thandar
ဇန်နဝါရီ ၂ ရက်ကနေ ဇန်နဝါရီ ၁၈ရက်နေ့ထိ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ၁၀ ကြိမ်မြောက် ကျင်းပမယ့် Miss Global 2023 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Miss Global Myanmar 2023 အလှမယ် ဧကရီဆုဟာ ဒီနေ့ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က စတင်ထွက်ခွာသွားပြီဖြစ်ပါတယ်။
“MissGlobal 2023 ပွဲကနှစ်နိုင်ငံပေါင်းပြီး အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပွဲဖြစ်တယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဖိုင်နယ်ပွဲကို ကျင်းပမှာဖြစ်ပြီး ဗီယက်နမ်မှာတော့ ၁၃ ရက်နေ့ Preliminatray ပွဲကို ကျင်းပမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ Global Myanmar 2023 အလှမယ်ဧကရီဆုအတွက် လိုအပ်တာတွေ အားလုံးကို သေချာလေးလေ့ကျင့်သင်ကြားပေးထားပါတယ်။ Rangoon AKYAB STARS က Pagent School လည်း ဖြစ်တဲ့အတွက် လိုအပ်တဲ့ဗဟုသုတပိုင်းအပြင် အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့အရာတွေကအစ သေချာလေး လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ဘာသာစကားပိုင်းနဲ့ပတ်သက်ရင်လည်း ပြိုင်ပွဲမတိုင်ခင် ၆ လလောက် အလိုကတည်းက သင်တန်းတက်ခိုင်းခဲ့တယ်။ ကျွန်တော်ကတော့ Miss Global 2023 ပြိုင်ပွဲစင်မြင့်မှာ မြန်မာအလှမယ် ဧကရီဆုအနေနဲ့ ထိုက်တန်တဲ့ ဆုတစ်ခုကိုယူလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေကလည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ် ဧကရီဆုအတွက် Voting ပေးလို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွက် ပြိုင်ပွဲဝင်နေတဲ့အလှမယ်လေးကို ကောင်းကောင်းဝန်းရံပေးကြမယ်ဆိုရင် ပြိုင်ပွဲဝင်အလှမယ်အနေနဲ့လည်း အများကြီးအားဖြစ်မယ်ထင်ပါတယ်”လို့ Rangoon AKYAB STARS က National Director ကိုစံသာက ပြောပါတယ်။
အသက်၂၀၊ အရပ်အမြင့် ၅ ပေ ၁၁ လက်မရှိပြီး မွန်မလေးတစ်ဉီးဖြစ်တဲ့ အလှမယ်ဧကရီဆုကို Rangoon AKYAB STARSက National Director ကိုစံသာက Miss Global 2023 ပြိုင်ပွဲကို တာဝန်ယူစေလွှတ်ခဲ့တာလည်းဖြစ်ပါတယ်။
“ဒီပွဲအတွက်အများကြီး မျှော်လင့်ထားလို့ အကောင်းဆုံးလုပ်နိုင်မယ် ယုံကြည်ပါတယ်။ ပြိုင်ပွဲက ကိုယ့်အတွက် ပထမဆုံးခြေလှမ်းဖြစ်တယ်။ ကိုယ်တိုင်ကလည်း စိန်ခေါ်မှု အသစ်တွေကြိုးစားလုပ်ကြည့်ချင်တယ်”လို့ Miss Global Myanmar 2023 ဆုရှင် ဧကရီဆုက ပြောပါတယ်။
၂၀၁၃ ခုနှစ်က စတင်ပေါ်ပေါက်လာခဲ့တဲ့ Miss Global အလှမယ်ပြိုင်ပွဲကို ယခုနှစ်မှာတော့ ၁၀ ကြိမ်မြောက်အဖြစ်နဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံပေါင်း ၇၀ ကျော်က ကိုယ်စားပြု အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။