MT News
Written by Nay Moe
SAC တပ်များနှင့် KNLA ၏ ပူးပေါင်းတပ်များအကြား လေးရက်ကြာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက် အကျအဆုံးများရှိနေသည်ဟု KNU/ KNLA မှ ဗိုလ်ဒါဘောဦးစီးသော Cobra Column က နိုဝင်ဘာ ၂၄ ရက်နေ့ညတွင် ထုတ်ပြန်ခဲ့သည်။
SAC ၏ တပ်မ (၄၄) လက်အောက်ခံတပ်များနှင့် KNLA ၏ တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း ၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့အကြား နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ နိုဝင်ဘာ ၂၄ ရက်နေ့ ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၂၁ ရက် နံနက် ၈ နာရီခန့်တွင် ဘလက်တိုကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော လခရများနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လခရ ၂ ဦးကျကာ ၁ ဦး ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း KNLA ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဟု ဆိုသည်။
နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းမှ စတင်ကာ လခရများက လက်နက်ကြီးများဖြင့် ဘလက်တိုကျေးရွာအနီးသို့ ပစ်ခတ်ခဲ့ပြီး ညနေ ၃ နာရီခွဲခန့်တွင် ဘလက်တိုကျေးရွာအနီး ငါးကန်ဂိတ်သို့ ကြားဖြတ်ထိုးဖောက် နေရာယူကာ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ကားအား တရပ်စပ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါပစ်ခတ်မှုဖြစ်စဥ်အတွင်း ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ယာဉ်ပေါ်ရှိ ရဲဘော်တစ်ဦး၊ ရဲမေ နှစ်ဦး စုစုပေါင်း ၃ ဦးကျခဲ့ပြီး အသက်ရှင် ကျန်ရစ်သည့် ကျည်ထိမှန်ဒဏ်ရာရရှိသော ရဲဘော် ၈ ဦးအား နောက်တစ်နေ့ မနက်ခင်းဖြစ်သည့် နိုဝင်ဘာ ၂၃ ရက်တွင် ကော်ဘရာစစ်သည်များက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။ ယင်းနေ့ ညနေ ၃ နာရီခွဲမှ တစ်ညတာလုံးနီးပါး နောက်တစ်နေ့ မနက်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယင်းနေ့တိုက်ပွဲအတွင်း လခရများဘက်မှ အရာရှိ အပါအဝင် ၅ ဦး ကျပြီး ၁၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာ ၂၃ ရက်တွင် လခရများက လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ မဖြစ်ပွားခဲ့သော်လည်း တောင်ကုန်းတစ်ခုအား တက်ရောက်သည့် လခရအချို့ KNLA ပူးပေါင်းတပ်ဖွဲ့များ ထောင်ထားသော မိုင်းများကြောင့် လခရ ၂ ဦးကျကာ ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာ ၂၄ ရက် နေ့လည် ၁၂ နာရီခန့်မှ စတင်ကာ SAC ၏ နည်းဗျူဟာ (၄၄၁) အခြေစိုက်သော မြွေသုံးကောင် ဘုရားကုန်းမှ အတွဲလိုက်ပစ်ဒုံးများ၊ (၁၂၀) မမ လက်နက်ကြီးဖြင့် ည ၇ နာရီခွဲအထိ ပစ်ခတ်လျက်ရှိသော်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုများ မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။