October 23, 2024

ဖမ်းဆီးရမိသော ပိုင်မင်းခန့်နှင့် သက်သေခံပစ္စည်းများကို တွေ့ရစဥ်

MT News

Written by Thettant

Ecstasy နှင့် Happy Water စိတ်ပြောင်းဆေးဝါး ကျပ် ၄၃၈၇ သိန်းကျော် သယ်​ဆောင်လာသူအား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ၂၃ ရက် ည ၉ နာရီခွဲအချိန်တွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုံလို့လမ်းရှိ — စားသောက်ဆိုင်အတွင်း ၀င်ရောက်ရှာဖွေရာ ပိုင်မင်းခန့်(ခ)စိုင်းခမ်းရှဲန် အားတွေ့ရှိပြီး ၎င်းထံမှ Ecstasy ဆေးပြား ၁၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး စားသောက်ဆိုင်ဝင်းအတွင်း ရပ်တန့်ထားသည့် ၎င်းမောင်းနှင်လာသော CROWN အမျိုးအစား မော်တော်ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water)အလေးချိန် ၃ ဒသမ ၆၂၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉၈၇ ဒသမ ၅ သိန်း)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပိုင်မင်းခန့်(ခ) စိုင်းခမ်းရှဲန်(၂၁)နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Happy Water ဆိုသည့် မူးယစ်ဆေးဝါးအသစ်မှာ မြန်မာနိုင်ငံ တာချီလိတ်မြို့မှထွက်ရှိသည့် မူးယစ်ဆေးဝါးအသစ်ဟုဆိုတာ ထိုင်းနိုင်ငံမှ တင်းကျပ်စွာစစ်ဆေးမှုပြုလုပ်နေသကဲ့သို့ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံများတွင်လည်း အဆိုပါမူးယစ်ဆေးကို သတိပြုစစ်ဆေးနေသည်။ Happy Water သည် ကန့်သတ်ထိန်းချုပ်မူးယစ်ဆေးဝါးများဖြစ်သော Ketamine၊ Ecstasy၊ ICE (Methamphetamine) နှင့် ကော်ဖီ၊ ဒိုင်ယာဇီပင်၊ Tramadol အမှုန်များ ရောမွှေထားသော မူးယစ်ဆေးဝါးပုံစံသစ်ဖြစ်ပြီး အများအပြားသောက်မိပါက သေဆုံးနိုင်သည့် အန္တရာယ်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *