October 19, 2024

၁. ၁. ၂၀၂၄
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်းရှိ မာဝီ ကမ်းလွန်ပင်လယ်ပြင်မှာ ငါးမန်းကိုက်ခံရပြီးနောက် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဒဏ်ရာရရှိခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကမ်းခြေကို ခေါ်ဆောင်ဖို့ တာဝန်ရှိသူတွေက ဂျက်စကီးကို အသုံးပြုခဲ့ကြောင်း မာဝီ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီအမျိုးသားဟာ Jason Carter လို့အမည်ရပြီး သူ့ကို ကမ်းခြေခေါ်ဆောင်ပြီးနောက် ကယ်ဆယ်ရေးသမားတွေက ဆေးရုံပို့ဖို့ စောင့်ဆိုင်းနေချိန် အသက်ကယ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သူဟာ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ငါးမန်းတွေဆီက တိုက်ခိုက်မှုတွေဟာ ရှားပါးလွန်းလှပြီး အထူးသဖြင့် ငါးမန်းတွေဟာ ရေအောက်မှာ မြင်နိုင်စွမ်းနည်းတာကြောင့် မှားယွင်းစွာနဲ့ ကိုက်မိတတ်ကြတယ်လို့လည်း ပညာရှင်တွေက သတ်မှတ်ကြပါတယ်။

မှတ်တမ်းတွေအရ ဟာဝိုင်အီမှာ ငါးမန်းကြောင့် လူသေဆုံးမှုဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်က နောက်ဆုံးဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ဩစတြေးလျမှာလည်း အသက် ၁၅ နှစ်အရွယ် ရေလွှာလျှောစီးသူ လူငယ်တစ်ဦး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံးခဲ့ပါသေးတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *