၁. ၁. ၂၀၂၃
Written by Ye Kyaw
သွင်းကုန်ပစ္စည်းအသစ် ဝယ်ယူနိုင်မှုနည်းလာခြင်းနှင့် ပြည်ပရောက် အလုပ်သမားများ နှစ်သစ်ကူးရုံးပိတ်ရက် ပြန်လာချိန် ဒေါ်လာများပါလာသည့်အတွက် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃၅၀၀ အောက်သို့ ကျဆင်းနေပြီး ယနေ့တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“သွင်းကုန်တင်သွင်းတဲ့ လမ်းကြောင်းတွေက တရုတ်ဘက်မှာပိတ်နေသလို ဒီဘက်ထိုင်းမှာလည်း ပိတ်နေတယ်။ ပုံမှန်လမ်းကြောင်းပိတ်တာ တစ်လလောက်ရှိပြီဆိုတော့ ပစ္စည်းအသစ်တွေဝင်တာ တော်တော်နည်းသွားပြီ။ အဓိက ထပ်ဝယ်ဖို့အတွက်ကို နည်းသွားတယ်” ဟု မြဝတီနယ်စပ် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။
သွင်းကုန်ပစ္စည်းအသစ် ထပ်မံတင်သွင်းမှု လျော့နည်းခြင်းနှင့်အတူ New Year နှစ်သစ်ကူး ကာလအတွင်း ပြည်ပရောက် အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာချိန် ဒေါ်လာများပါလာခြင်းကြောင့် ဈေးကွက်အတွင်း ဒေါ်လာလည်ပတ်မှု ယခင်ထက် ပိုမိုအဆင်ပြေနေကြောင်း သိရသည်။
“ဒေါ်လာဈေးက ပြည်ပကနေပြီးတော့ အလုပ်သွားလုပ်တဲ့သူတွေက New Year ပြန်လာတဲ့အခါကြတော့ ဒေါ်လာတွေပါလာတယ်။ ဒေါ်လာဈေးကွက်မှာတော့ ဒေါ်လာဈေးက ကျသွားတယ်” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။
ယခု ရက်ပိုင်းအတွင်း ပြည်တွင်းဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးနှုန်းသည် ဒီဇင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ ၃၅၀၀ ကျပ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် တစ်ဒေါ်လာ ၃၄၈၀ ကျပ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် တစ်ဒေါ်လာ ၃၄၆၀ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။