October 30, 2024

သီတဂူဆရာတော်ဘုရားကြီး၏ ကူညီကယ်မမှုဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများအား ဆရာတော်၏ သံဃာများ၊ ကပ္ပိယများက ကြိုဆိုနှုတ်ဆက် လမ်းစရိတ်ဆက်လက်ကူညီနေမှုကို တွေ့ရစဥ် (ဓာတ်ပုံ- သီတဂူစတား)

MT News

Written by Tha Doe

နယ်ကျွံငါးဖမ်းမိရာမှ အိန္ဒိယနိုင်ငံက ဖမ်းဆီးထောင်ချခံထားရပြီး မြန်မာနိုင်ငံပြန်ရန် အခက်အခဲဖြစ်နေသော မြန်မာလုပ်သား ၄၃ ဦးအား သီတဂူဆရာတော်ကြီး စီစဥ်မှုဖြင့် နေရပ်ပြန်လာခွင့်ရခဲ့ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီး၏ ကရုဏာအလှူတော်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည့် ​မြန်မာ လုပ်သား ၄၃ ဦးသည် အိန္ဒိယနယ်နမိတ် ပင်လယ်ထဲသို့ နယ်ကျွံကာ ငါးဖမ်းကြသဖြင့် အိန္ဒိယအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ တချို့သော မြန်မာလုပ်သားများမှာ အိန္ဒိယနိုင်ငံရှိ အကျဥ်းထောင်များတွင် ၄ နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ကြရပြီး တချို့လည်း ၃ နှစ်ကျော် ထောင်ထဲတွင် နေခဲ့ကြရသည်။ ထိုသို့ အိန္ဒိယတွင် ထောင်ဒဏ်ကျခံနေရသူ မြန်မလာပ်သား အများစုမှာ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာနှင့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ဖြစ်သည်။

ထိုသို့ ထိန်းသိမ်းခံရအပြီး ထောင်ကျသက်တမ်းပြည့်၍ မြန်မာပြည်ပြန်ရန် အခက်ခဲဖြစ်နေကြသော မြန်မာနိုင်ငံသား ၄၃ ယောက်ကို သီတဂူဆရာတော်ကြီးက လေယာဉ်စရိတ် ပေးလှူ၍ နိုဝင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ အရောက်ခေါ်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်ညတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ ၄၃ ဦးအား ရန်ကုန်မှတစ်ဆင့် မိမိတို့၏ နေရပ်သို့ပြန်နိုင်ရန် လမ်းစရိတ် ကျပ် ၂၀၀၀၀ စီ လှူပေးခဲ့သည်ဟုလည်း သိရသည်။

ထို့အပြင် ဆရာတော်ကြီး၏ ညွှန်ကြားချက်ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပါမောက္ခ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အရှင်ဓမ္မိကနှင့် သီတဂူကပ္ပိယအချို့တို့က ကြိုဆိုနှုတ်ဆက် လမ်းစရိတ်များ ပေးအပ်ခဲ့သည်ဟုလည်း သိရသည်။

သီတဂူဆရာတော်ကြီးအနေဖြင့် ယခုမှ ထိုသို့ကူညီကယ်တင်ခြင်းမဟုတ်ဘဲ ၂၀၁၀ ပြည့်နှစ်ကလည်း သီရိလင်္ကာနိုင်ငံသို့ အကြောင်းအမျိုးမျိူးကြောင့် ရောက်နေကြပြီး ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသား ကိုရင်ငယ်များ၊ သီလရှင်ဆရာလေးများ စုစုပေါင်း ၅၀ ခန့်ကို လေယာဉ်စရိတ် ပေးလှူကာ ကယ်တင်ခဲ့ဖူးသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်ကလည်း မလေးရှားနိုင်ငံ အကျဉ်းထောင်ထဲမှ မြန်မာနိုင်ငံသား ၂၀၀၀ ခန့်ကို လေယာဉ်အစီး ၁၂ ခေါက်ဖြင့် ကယ်ထုတ်ခဲ့ဖူးသည်။

အလားတူ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး လေကြောင်းလိုင်းများ ရပ်နားသဖြင့် အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသော မြန်မာနိုင်ငံသား ရဟန်းရှင်လူပြည်သူများကို လေယာဉ် ၃ စီးဖြင့် ကူညီကယ်တင်ပေးခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *