၃၀. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
(South China Morning Post က ဖော်ပြခဲ့သည့် China, Myanmar revive hopes for Bay of Bengal deep water port in Kyaukphyu under Belt and Road Initiative ဆောင်းပါးကို ဆီလျော်သလို ပြန်ဆိုဖော်ပြအပ်ပါသည်)
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရဲ့ အမှတ်လက္ခဏာတစ်ရပ်လို့လည်း ဆိုရမဲ့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းက ကျောက် ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း စတင်အကောင်အထည် ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား နောက်ဆက်တွဲသဘောတူစာချုပ်ကို ဒီဇင်ဘာ ၂၆ ရက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေမျိုးပေါက်ဖော်လို့ နှစ်ဖက်အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင် ရွက်မှုစီမံကိန်းတွေ ဆောင်ရွက်မှုက ဒီမတိုင်ခင်ကလည်း များစွာရှိခဲ့တာမို့ အထူးအဆန်းမဟုတ်လို့ ဆိုနိုင်ပါတယ်။ဒါပေမယ့် မြန်မာနဲ့တရုတ် နှစ်နိုင်ငံအကြား ၂၀၁၈ ခုနှစ်မှာ စတင် သဘောတူခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်မှာ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ ကပ်ရောဂါဆိုးနဲ့ နှစ်ဖက်ဆွေးနွေးမှုတွေကြောင့် နှောင့်နှေးနေခဲ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့ သဘောတူချက်က လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ စိတ်ဝင်စား စရာကောင်းဖွယ်လေးတွေတော့ ဖြစ်ခဲ့ပါတယ်။
ကျောက်ဖြူကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေတည်ဆောက်ပြီး ကျောက်ဖြူဆိပ်ကမ်းမှာလည်း ရေနက်ဆိပ်ကမ်း တည်ဆောက်မယ့်စီမံကိန်းက အရှေ့အလယ်ပိုင်းဒေသက မလက္ကာရေလက်ကြားကိုဖြတ်ပြီး နိုင်ငံအတွက် ၈၀ ရာခိုင်နှုန်းသော ရေနံတင်သွင်းမှုပြုရာမှာ ရေနံတင် သင်္ဘောတွေအဖို့ မလက္ကာရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းရတဲ့ လမ်းကြောင်းရဲ့ လမ်းလွှဲတစ်ခုအဖြစ် ယူဆထားတာပါ။ ဒါ့ပြင် ကီလိုမီတာ ၁,၇၀၀ ရှည်လျားတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့အဓိကအစိတ်အပိုင်းတစ်ခုအဖြစ်လည်း မှတ်ယူနိုင်ပါတယ်။တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံမှာ ရပ်ဝန်းနဲ့ပိုးလမ်းမပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစီမံချက်(BRI) ရဲ့ အဓိကအရေးကြီးတဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။
စီမံကိန်းအကောင်အထည်ဖော်ရာမှာ မြန်မာအစိုးရက ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံပိုင် CITIC ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း ပါဝင်သွားမှာပါ။ ဆိပ်ခံတံတားပေါင်း ၁၀ ခုနဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းဖြစ်တာမို့ တရုတ်နိုင်ငံအတွက် ရေနံတင်သွင်းရာမှာ ဘင်္ဂလားပင်လယ်အော်ကနေ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊အဲဒီကတစ်ဆင့် မြန်မာနိုင်ငံကိုဖြတ်သန်း တည်ဆောက်ထားတဲ့ ပိုက်လိုင်းကနေ တရုတ်နိုင်ငံကိုတင်ပို့ဖို့ လမ်းကောင်းအသစ်တစ်ခုရဲ့အဓိကအပိုင်းအဖြစ် မှတ်ယူရခြင်းပါ။
ဒါကြောင့်လည်း CITIC ကုမ္ပဏီ ဥက္ကဋ္ဌ Mr Xi Guohua က ဒီဇင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ စီမံကိန်း အကောင် အထည်ဖော်ရေးအတွက် နောက်ဆက်တွဲသဘောတူညီချက်လက်မှတ်ရေးထိုးပွဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းက တရုတ်အစိုးရရဲဲ့ BRI မဟာဗျူဟာစီမံချက်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သလို တရုတ်-မြန်မာစီးပွားရေးစင်္ကြံနဲ့ နှစ်နိုင်ငံကြား လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုတို့ရဲ့ ကြီးမားတဲ့ ထူးခြားထင်ရှားမှုအဖြစ်လည်း ပြောခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်မှုကို အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ လိုအပ်တဲ့အားထုတ်မှုတိုင်းကို CITIC ကဆောင်ရွက်သွားမယ်လို့ ပြောခဲ့တယ်လို့ ရန်ကုန်မြို့ရှိတရုတ်သံရုံးရဲ့ ကြေညာချက်တစ်ခုက ဖော်ပြထားပြန်ပါတယ်။
ဒါကြောင့်လည်း တရုတ်အစိုးရအနေနဲ့ သူ့ရဲ့စွမ်းအင်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် သွားရာလမ်းကြောင်းမှာ မြန်မာနိုင်ငံကိုလည်း အောင်မြင်မှုအတွက်လှေကားထစ်တစ်ခုသဖွယ် ရှုမြင်ပုံရတယ်လို့ ဟောင်ကောင်ထုတ် South China Morning Post သတင်းစာက ဖော်ပြခဲ့ပါတယ်။
ဒီမှာ သတိပြုကြဖွယ်အချက်တစ်ခုကတော့ မြန်မာအစိုးရနဲ့ အစိုးရဆန့်ကျင်တဲ့ လက်နက်ကိုင်တွေအကြားရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ မတည်ငြိမ်တဲ့အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ကြားကကိုပဲတရုတ်နိုင်ငံ CITIC က ဦးဆောင်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရေးကို ပြန်လည်စတင်လာခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ဘက်ဒေသတွေအတွင်းက တိုက်ပွဲတွေမှာ မြန်မာအစိုးရကို ဆန့်ကျင်နေတဲ့ လူမျိုးစုသူပုန်တွေအနေနဲ့ အရင်ကတရုတ်အစိုးရရဲ့စီမံကိန်းနဲ့နယ်စပ်ကုန်သွယ်မှု လမ်း ကြောင်းတွေကို မထိခိုက်မနှောင့်ယှက်ခဲ့ပါဘူး။ ဒါပေမဲ့အခုတစ်ခါဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း ပျက်ပြားစေရုံမက ကျောက် ဖြူနဲ့ယူနန်ပြည်နယ် ဆက်သွယ်ထားတဲ့သဘာဝဓာတ်ငွေ့နဲ့ရေနံပိုက်လိုင်း နေရာအချို့ကိုပါ အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်အုပ်စုတွေက တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ အဆိုပါဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကို ထောက်ခံခြင်းမပြုတောင် မဆန့်ကျင်ဘဲနေလာရာက ခုလို သူ့ရဲ့စီမံကိန်းရဲ့အစိတ်အပိုင်းတချို့ဖြစ်တဲ့ ပိုက်လိုင်းတွေကိုတိုက်ခိုက်ခဲ့မှုက ဒီထက်ဆိုးဝါးလာရင် BRI ကိုပါ ထိခိုက်လာနိုင်တယ်လို့တောင် ယူဆလို့ရပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ လက်ရှိပုန်ကန်မှုတွေပြုနေတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေက တရုတ်အစိုးရနဲ့တောင်အနီးကပ်ဆက်ဆံမှုရှိကြတယ်လို့ အများအပြားက ယူဆထားရာက ခုလို တရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေကိုပါထိခိုက်အောင်ဖြစ်လာခဲ့ခြင်းက အခြေအနေကို ဘယ်လိုဖြစ်စေမလဲ။ တရုတ်အစိုးရက ကြားဝင်ပေးတဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာလည်း မအောင်မမြင်ဖြစ်ခဲ့တာက ဘယ်လိုသက်ရောက်မှုရှိမလဲ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် တရုတ်အစိုးရရဲ့ BRI စီမံချက်က ယူနန်ပြည်နယ်၊ ကူမင်းမြို့ကနေ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အထိ ကီလိုမီတာ ၁,၇၀၀ ကို မြန်မာနိုင်ငံအတွင်းကဖြတ်သန်းပြီး ကားလမ်း၊ ရထားလမ်း၊ ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့ကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံအကုန်အကျခံကာဆောင်ရွက်နေတာပါ။ တရုတ်နိုင်ငံရဲ့စွမ်းအင်လုံခြုံမှုရှိစေရေးပါ အရေးကြီးတဲ့ ဒီစီမံကိန်းက မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်အစိုးရတို့ ရင်းနှီးမှုနဲ့ ဒီအဖွဲ့တွေတည်ရှိမှုတို့ထက် ပိုလို့အရေးကြီးတာပါ။
ဒါကြောင့်လည်း မြန်မာနိုင်ငံအတွင်း ပဋိပက္ခမှာတောင် မြန်မာနိုင်ငံရဲ့ နစက အစိုးရဘက်ကသာ ရပ်တည်သွားဖို့ရှိလာတဲ့ တရုတ်အစိုးရက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်မှုကို ဆက်လက် ဆောင်ရွက်ဖို့ နောက်ဆက်တွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ပြလာတာပဲလို့ သုံးသပ်မိပါတယ်။
Ref–SCMP