၂၉. ၁၂. ၂၀၂၃
Written by Ye Kyaw
သီလဝါအထူးစီးပွားရေးဇုန်၏ တည်ငြိမ်သော ပတ်ဝန်းကျင်နှင့် အရည်သွေးမြင့်မားသော အခြေခံအဆောက်အဦများအပြင် အထူးစီးပွားရေးဇုန်၏ အထူးခံစားခွင့်များကြောင့် ရင်းနှီးမြှုပ်နှံလိုသူများမှ မြေယာများနှင့် စက်ရုံငှားရမ်းခြင်းနှင့် ဆိုင်သော စုံစမ်းမေးမြန်းမှုများ ပြန်လည်စတင်၍ လက်ခံရရှိနေပြီဖြစ်ကြောင်း မြန်မာ-ဂျပန် သီလဝါ ဒီဗလော့မင့်လီမိတက် (MJTD) မှ ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
MJTD သည် သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် စက်မှုလုပ်ငန်း ဧရိယာဖွံ့ဖြိုးရေး၊ ဈေးကွက်တင်ရောင်းချခြင်း၊ နှစ်ရှည်ငှားရမ်းခြင်းနှင့် စက်မှုလုပ်ငန်းဧရိယာ လည်ပတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဝက်အတွက် အသားတင်အမြတ်ငွေ ဒေါ်လာနှစ်သန်း ရရှိခဲ့သည်။ အမြတ်လက်ကျန် ဒေါ်လာ ၅၇ ဒသမ ၄ သန်းနှင့် ငွေနှင့်ငွေသားညီမျှခြင်း လက်ကျန်များအနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဒေါ်လာ ၄၅ သန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။
MJTD ၏ အဓိကဝင်ငွေအနေဖြင့် ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများ၊ ပြုပြင်ထန်းသိမ်းခြင်း လုပ်ငန်းများ၊ ရေနှင့်လျှပ်စစ်မီးလုပ်ငန်းများမှ ရရှိခဲ့ခြင်းဖြစ်ပြီး ထို့အပြင် MJTD ၏ နေရောင်းခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး (ဆိုလာပရောဂျက်)မှလည်း လာမည့် ရှေ့ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေစီးဆင်းမှု ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စာရင်းဝင်ကုမ္ပဏီဖြစ်သော မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MTSH) သည် MJTD ၏ မတည်ငွေရင်း ၄၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး၊ ဒါရိုက်တာအဖွဲ့ဝင် ၉ ဦးအနက် ၄ ဦး နေရာရရှိထားခြင်းဖြစ်သည်။
ယခု ၂၀၂၃-၂၀၂၄ ခုနှစ်ဝက် ခြောက်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားခြင်းမရှိသည့်အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇ သန်းကျော်သာ ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာ (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။