MT News
Written by Min Mahar
သံဃာ့သမဂ္ဂ (မန္တလေး)အဖွဲ့မှ ဦးဆောင်ရဟန်းတစ်ပါးအပါအဝင် ၅ ဦးအား နိုဝင်ဘာ ၂၄ ရက်က ထောင် ၃ နှစ်စီချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှ နိုဝင်ဘာ ၂၄ ရက်က သံဃသမဂ္ဂ (မန္တလေး)အဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါး အပါအဝင် တက်ကြွလှုပ်ရှားသူလေးဦးအား ပုဒ်မ၅၀၅(က) နှင့် ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။
” နိုဝင်ဘာ ၂၄ ရက်နေ့ကပဲ ပြည်ကြီးတရားရုံးက မန္တလေးသပိတ်တွေကို ဦးဆောင်နေတဲ့ ဆရာတော်တစ်ပါးအပါအဝင် သပိတ်အင်အားစုတွေမှာ အသီးသီးလှုပ်ရှားနေတဲ့ ၅ ဦးကို ၅၀၅ (က) ပုဒ်မနဲ့ ထောင် ၃ နှစ်စီအမိန့်ချလိုက်တယ်။ သူတို့ဟာ ပြီးခဲ့တဲ့လ အောက်တိုဘာ ၃၀ ရက်နေ့က ဖမ်းဆီးခံရပြီး ရက် ၂၀ ကျော်အဖမ်းခံရပြီးနောက်မှာ ရှေ့နေဌားခွင့်၊ ပြန်လည်ခုခံချေပခွင့်မရဘဲ အခုလိုအမိန့်ချခံလိုက်ရတာပါ” ဟု ရှေ့နေတစ်ဦးက MT News သို့ ပြောသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး သံဃသမဂ္ဂ(မန္တလေး) အဖွဲ့ကလည်း သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုမှ သပိတ်တက်ကြွလှုပ်ရှားသူ ကိုပိုင်နွေဦး၊ ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်တရားရုံးမှ နိုဝင်ဘာ ၂၄ ရက်တွင် ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်သည်ဟု အသိပေးထားသည်။