October 19, 2024

ထရန့်ကို သမ္မတလောင်းယှဥ်ပြိုင်ခွင့်ပိတ်ပင်သည့် ကော်လိုရာဒိုနှင့် မိန်းပြည်နယ်မှ ဆုံးဖြတ်သူများက လက်ရှိအာဏာရဂျိုးဘိုင်ဒန်၏ ဒီမိုကရက်ပါတီက ခန့်အပ်သူနှင့် ပါတီဝင်များဖြစ်နေ

ဆုံးဖြတ်ချက်အတည်ဖြစ်ခဲ့လျှင် ထရန့်အဖို့ ရွေးကောက်ပွဲပိတ်ပင်ခံရသောပြည်နယ်နှစ်ခုဖြစ်လာမည်

၂၉. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်သူတွေကြား လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် ထက် လူကြိုက်များတယ်လို့ဆိုကြတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ကော်လိုရာဒိုပြည်နယ်တရားရုံးတရားသူကြီးတွေအဖြစ် အာဏာရဒီမိုကရက်ပါတီက ခန့်အပ်ထားတဲ့ တရားသူကြီးတွေက ပြည်နယ်ရဲ့ ၂၀၂၄ ခုနှစ် သမ္မတမဲပေးရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ဒီဇင်ဘာ ၁၉ ရက်ကပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အပြီး ဆယ်ရက်နီးပါးအကြာ ဒီဇင်ဘာ ၂၈ ရက်မှာတော့ မိန်းပြည်နယ်ရဲ့ ‌ပြည်နယ်ရေးရာဝန်ကြီးဖြစ်တဲ့ ရှန်နာ ဘဲလ်လိုးစ်က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှုတွေနဲ့ဆက်စပ်နေတာကြောင့် ထရန့်ကို ပြည်နယ်အတွင်း သမ္မတလောင်းရွေးပွဲမှာ ယှဉ်ပြိုင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ဆိုကာ ပါဝင်ယှဥ်ပြိုင်မှုက ဖယ်ရှားဖို့ ထပ်မံဆုံးဖြတ်ခဲ့ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လာမယ့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲက အခုအချိန်ကစပြီး အမေရိကန်နိုင်ငံအတွက်သာမက၊ အခြားသောကမ္ဘာ့နိုင်ငံတွေအတွက်ပါ ရင်ခုန်စိတ်ဝင်စားစရာပြိုင်ပွဲတစ်ခုအဖြစ် စောင့်ကြည့်နေကြပါပြီ။ အထူးသဖြင့် ယနေ့ကမ္ဘာအတွက် ထူးခြားဖြစ်ရပ်တွေလို့ဆိုရမယ့် ယူကရိန်းစစ်ပွဲ၊ ဂါဇာအရေးအခင်း၊ တိုင်ဝမ်ကျွန်းပြဿနာစတာတွေနဲ့ ပတ်သက်စပ်ယှက်လို့ လာမယ့်အမေရိကန်သမ္မတက ဘယ်သူဖြစ်လေမလဲ၊ ပါတီကြီးနှစ်ခုအနက် ဘယ်ပါတီက အာဏာရယူထားနိုင်မလဲဆိုတာက ကမ္ဘာ့ခေါင်းဆောင်တွေ စိတ်ဝင်စားနေကြတဲ့အချက်ပါ။ ဒီအချိန်မှာ ရွေးကောက်ပွဲအကြိုမဲဆန္ဒရှင်တွေအပေါ် စစ်တမ်းတွေအရ နှာတဖျားသာပြီးလူကြိုက်များနေတယ်ဆိုရမယ့် ဒေါ်နယ်ထရန့်ကို အခုလိုပြည်နယ်နှစ်ခုမှာ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့တာက ဒီမိုကရေစီဆံလှပါတယ်ဆိုတဲ့ အမေရိကန်အဖို့ သိက္ခာကျစရာတောင်ဖြစ်ခဲ့ပါတယ်။

မိန်းပြည်နယ်ရဲ့ ‌ ပြည်နယ်ရေးရာဝန်ကြီး၊ အာဏာရဒီမိုကရက်ပါတီဝင်တစ်ဦးဖြစ်တဲ့ ရှန်နာ ဘဲလ်လိုးစ်က “ကျွန်မအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့ဆဆပြုခဲ့တာလည်းမဟုတ်ဘူး။ ဘယ်ပြည်နယ်ရေးရာဝန်ကြီးကမှ အမေရိကန်သမ္မတလောင်းတစ်ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ၁၄ ကြိမ်မြောက်ပြင်ဆင်မှုရဲ့ ပုဒ်မသုံး(သမ္မတလောင်းတစ်ဦးအနေဖြင့် ဆူပူအုံကြွမှုတစ်ခုခုတွင် ပါဝင်မှုမရှိခဲ့ရေးတားဆီးမှု) အရ ရွေးကောက်ပွဲကနေ ပိတ်ပင်ဖယ်ရှားတာမလုပ်ခဲ့ဘူးဆိုတာ သတိပြုမိပါတယ်။ ဒါပေမယ့် အရင်သမ္မတလောင်းတွေတုံးကလည်း ဘယ်သူမှ ဆူပူအုံကြွမှုမှာ ပါဝင်ပတ်သက်ခဲ့ကြတာမရှိဘူး” လို့ ပြောသွားခဲ့ပါတယ်။

ဒေါ်နယ်ထရန့် ကတော့ လက်ရှိအချိန်မှာ ၂၀၂၄ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်တဲ့ သမ္မတလောင်းဖြစ်ဖို့ ရှေ့ဆုံးကတစ်ပြေးနေသူပါ။ သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ်ရေးအဖွဲ့ကလည်း “ထရန့်အနေနဲ့ ဘယ်လိုအမှားအယွင်းတွေမှ သူတို့ပြောထားသလို ကျူးလွန်ပတ်သက်ခဲ့တာမရှိဘူး။ ခုလို ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘက်လိုက်စွက်ဖက်တဲ့ဆုံးဖြတ်မှုတွေက အမေရိကန်နိုင်ငံရဲ ဒီမိုကရေစီကို ထိခိုက်ပျက်ပြားစေလိမ့်မယ်” လို့ပြောခဲ့ကြပါတယ်။

မိန်းပြည်နယ်မှာ အခြားပြည်နယ်တွေနဲ့မတူဘဲ ပြည်နယ်ရေးရာဝန်ကြီးဖြစ်တဲ့ ရှန်နာ ဘဲလ်လိုးစ် က ပြည်နယ်အတွင်းသမ္မတရွေးကောက်ပွဲတွေကိုစောင့်ကြည့်ကြီးကြပ်ပါတယ်။ ဒါကလည်း သူမကိုတရားရုံးတွေက ဆုံးဖြတ်ချက်မပြုမီမှာပဲ သမ္မတရွေးကောက်ပွဲဝင်မည့်သူတစ်ဦးက အရည်အချင်းပြည့်မီခြင်းရှိမရှိ ဆုံးဖြတ်စေခဲ့တာပါ။

တကယ်လို့သာ ရှန်နာ ဘဲလ်လိုးစ် ရဲ့ဆုံးဖြတ်ချက်က နောက်ဆုံးအတည်ဖြစ်လာခဲ့ရင် ဒေါ်နယ်ထရန့်အဖို့ လာမယ့်သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်မှုကို ပိတ်ပင်ခံရတဲ့ ပြည်နယ်နှစ်ခုဖြစ်လာမှာပါ။ ရှန်နာ ဘဲလ်လိုးစ် အနေနဲ့ ထရန့်ဘက်က ပြည်နယ်တရားရုံးကို အယူခံဝင်နိုင်ဖို့ ဆုံးဖြတ်ချက်ကို ခေတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

Ref- The Guardian

Leave a Reply

Your email address will not be published. Required fields are marked *