October 19, 2024

၂၉. ၁၂. ၂၀၂၃
Written by Pan Ei

ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ဆိုးလ်မြို့ ပန်းခြံတစ်ခုရဲ့ ကားပါကင်တစ်ခုက သူ့ရဲ့ကားထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့တဲ့ နာမည်ကြီး အော်စကာဆုရ ကိုရီးယားရုပ်ရှင် Parasite ထဲက ထိပ်တန်းမင်းသား Lee Sun Kyun ရဲ့ ဈာပန အခမ်းအနားကို ဒီနေ့ (ဒီဇင်ဘာ ၂၉ ရက်) မှာ ပြုလုပ်ခဲ့ပါတယ်။

မင်းသား Lee Sun Kyun ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေက ချစ်ရတဲ့ မင်းသားကို နောက်ဆုံးနှုတ်ဆက်စကား ပြောကြားခဲ့သလို သူ့ဓာတ်ပုံကို ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံက ထွက်လာချိန် သူ့ရဲ့ သားအကြီးဆုံးက သယ်ဆောင်ခဲ့ပြီး နောက်မှာ ဇနီးဖြစ်သူ မင်းသမီး Jeon Hye Jin က သားငယ်နဲ့ လက်တွဲကာ ထွက်လာခဲ့ပါတယ်။ မင်းသား Lee Sun Kyun ရဲ့သူငယ်ချင်းတွေနဲ့လုပ်ဖော်ကိုင်ဘက်တွေက ဝမ်းနည်းခြင်းမျက်ရည်တွေနဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

ဝမ်းနည်းပူဆွေးနေကြတဲ့ ပရိသတ်တွေကလည်း မင်းသားကို နောက်ဆုံးဂါဝရပြုဖို့ ဆေးရုံမှာ စုဝေးခဲ့ကြကာ ဆေးရုံက ဈာပနအိမ်နံရံမှာ ပရိသတ်တွေက သူ့ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုရဲ့ နာမည်ပါဝင်တဲ့ “Goodbye My Mister” နဲ့ “အေးချမ်းစွာ အနားယူပါ” လိုမျိုး စာတိုတွေနဲ့အတူ နှုတ်ဆက်ခဲ့ကာ သတိရအောက်မေ့နေကြပါတယ်။

မင်းသား Lee Sun Kyun ရဲ့ရုပ်အလောင်းကို မီးသင်္ဂြိုဟ်သွားမှာ ဖြစ်ပြီး ခန္ဓာကိုယ် အကြွင်းအကျန်ကို ဆိုးလ်မြို့ အရှေ့တောင်ဘက် ၃၂ ​​ကီလိုမီတာ အကွာ ဂွမ်ဂျူး အထိမ်းအမှတ် ပန်းခြံမှာ မြှုပ်နှံထားရှိမှာ ဖြစ်ပါတယ်။

မင်းသားဟာ ကွယ်လွန်ချိန်မှာ အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး ရည်းစားသက်တမ်း ၇ နှစ်အကြာ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ ဇနီးဖြစ်သူ မင်းသမီး Jeon Hye Jin နဲ့ သားနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

မင်းသားဟာ ဆေးမသုံးကြောင်း အကြိမ်ကြိမ်ငြင်းဆိုကာ ဆေးစစ်မှုတွေမှာလည်း Negative သာ အခါခါထွက်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့က တရားမဝင် မူးယစ်ဆေးဝါးတွေ သုံးစွဲခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့အတူ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအက်ဥပဒေချိုးဖောက်မှုစွဲချက်နဲ့ အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ခြင်းဖြစ်ကာ မင်းသားကို ဒီသီတင်းပတ်ကုန်က ၁၉ နာရီအပါအဝင် ရဲက ၃ ကြိမ် အပြင်းအထန် စစ်ဆေးမေးမြန်းခဲ့ပါတယ်။

သံသယရှိတဲ့ အဆင့်မှာ ရှိနေသေးတဲ့ အမှုမှာ မင်းသားရဲ့နာမည်အပါအဝင် အကြောင်းအရာများစွာကိုချပြကာ မူးယစ်ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်နေခဲ့ပြီး ရဲတပ်ဖွဲ့ကတော့ သူသေဆုံးမှုအတွက် အလွန်ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားကာ သူ့ရဲ့မိသားစုကိုလည်း ဝမ်းနည်းကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့ ကျင်းပမယ့် SBS ရဲ့ ဒရမ်မာဆုပေးပွဲမှာ တက်ရောက်မယ့် အနုပညာရှင်တွေက ရုတ်တရက် သေဆုံးသွားခဲ့ရတဲ့ မင်းသား Lee Sun Kyun အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင် ဝတ်စုံကို ဝတ်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

Ref; The Korea Times

Leave a Reply

Your email address will not be published. Required fields are marked *