October 23, 2024

ဘိန်းညိုမှုန့်များ သယ်ဆောင်လာသူစိုင်းကျော်ခေါင်နှင့် သက်သေခံပစ္စည်းများကို တွေ့ရစဥ်

MT News

Written by Hey Mar

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်တွင် ကျပ်သိန်း ၃၆၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့်များကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့်ကျေးရွာအနီး၊ နမ့်စန်-ခိုလမ်သွား ကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းကျော်ခေါင် မောင်းနှင်လာသည့် MITSUBISHI TRITON အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းညိုမှုန့်အလေးချိန် ၆၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၆၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ထို့ကြောင့် ဘိန်းညိုမှုန့်များ သယ်ဆောင်လာသူ စိုင်းကျော်ခေါင်(၂၃) နှစ်အား နမ့်စန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *