October 19, 2024

၂၉. ၁၂. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ မကြာသေးမီက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ ထိုင်းလူမျိုး ၅၂၅ ဦးကို လိမ်လည်လှည့်ဖြားတဲ့ ဂိုဏ်းတွေဆီကနေ ကယ်တင်ပေးနိုင်ခဲ့ပြီး အဲ့ဒီသူတွေအနက် သုံးပုံတစ်ပုံကသာ လူကုန်ကူးခံရမှုရဲ့ အမှန်တကယ် သားကောင်တွေဖြစ်တယ်လို့ ဒုတိယရဲချုပ် ဆူရာချိတ် ဟက်ပန် နဲ့ ထိုင်းနိုင်ငံ မြောက်ဘက်စွန်းပြည်နယ် ချင်းရိုင်ရှိ အကြီးတန်းရဲအရာရှိတွေအကြား တယ်လီကွန်းဆွေးနွေးပွဲအတွင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကယ်တင်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံသားအများစုဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံကတစ်ဆင့် ပြန်လည် ပို့ဆောင်ခြင်းခံခဲ့ရပေမဲ့ တချို့ကတော့ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ခရိုင်ကတစ်ဆင့် နေရပ်ကို ပြန်လည် ပို့ဆောင်ခြင်း ခံခဲ့ရတာပါ။

ကယ်တင်ခံရသူတွေထဲက ၁၇၄ ဦးဟာ လူကုန်ကူးခံရမှုရဲ့ သားကောင်အစစ်အမှန်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူတွေက ဆုံးဖြတ်ခဲ့ပြီး သူတို့ဟာ လောင်းကစားဝက်ဘ်ဆိုက်တွေကို စီမံခန့်ခွဲဖို့အတွက် အကျိုးအမြတ်များတဲ့ အလုပ်ကမ်းလှမ်းမှုတွေနဲ့ ဆွဲဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းချက်တွေကိုလက်ခံပြီးနောက် သူတို့ဟာ ခေါ်ဆိုလိမ်လည်သူတွေအဖြစ် အတင်းအကျပ်ခိုင်းစေခဲ့ရပြီး အလုပ်ကို ငြင်းဆန်ပါက ဘတ်ငွေ ၂၀၀,၀၀၀ ကနေ ၇၀၀,၀၀၀ ကြား ပေးဆောင်ရမယ်လို့ ခြိမ်းခြောက်ကာ ငွေပမာဏကို မတတ်နိုင်ရင် သူတို့ကို ဖမ်းဆီးချုပ်နှောင်ထားမယ်လို့ဆိုကာ လိမ်လည်ခြင်းလုပ်ငန်းကို ဆက်လက်ထမ်းဆောင်ဖို့ ဖိအားပေးခံရတယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

ကျန်ရှိတဲ့လူတွေဟာ လိမ်လည်ခေါ်ဆိုမှုဂိုဏ်းတွေအတွက် ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆူရာချိတ်က ရှင်းလင်းချက်မပြခဲ့ဘဲ ထိုင်းနိုင်ငံကို ပြန်ပို့ခံရသူ ၅၂၅ ဦးမှာ ၂၀ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့သာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ခုလိုရှုပ်ထွေးတဲ့အမှုဟာ ထိုင်းနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေပြီး ဒေသတွင်း လူကုန်ကူးမှုနဲ့ ခေါင်းပုံဖြတ်ခံရတာတွေရဲ့ အဖြစ်မှန်တွေကို မီးမောင်းထိုးပြနေပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *