September 28, 2024

၂၈. ၁၂. ၂၀၂၃
Written by Pan Ei

တရုတ်စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီ Xiaomi က သူတို့ရဲ့ ပထမဆုံးလျှပ်စစ်ကားကို ဒီနေ့ (ဒီဇင်ဘာ ၂၈ ရက်) မှာ ထုတ်ဖော်ပြသခဲ့ပြီးကမ္ဘာ့ထိပ်တန်းကားထုတ်လုပ်သူငါးဦးထဲက တစ်ဦးဖြစ်လာဖို့ ရည်မှန်းထားတယ်လို့လည်း ကြေညာခဲ့ပါတယ်။

SU7 လို့ အမည်ပေးထားတဲ့ ဆီဒင်ကားဟာ ကုမ္ပဏီရဲ့ နာမည်ကြီးဖုန်းတွေနဲ့ မျှဝေအသုံးပြုမှုစနစ်ကို အများဆုံးအသုံးပြုဖို့ မျှော်လင့်ထားတဲ့ မော်ဒယ်ဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi ကားဟာ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဥ်ဈေးကွက်ထဲ စွမ်းဆောင်ရည် ညံ့ဖျင်းပြီး ဝယ်လိုအား နှေးကွေးနေချိန်မှာ ပွဲဦးထွက်ဖို့ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

Xiaomi အမှုဆောင်ချုပ် Lei Jun က ဒီကားဟာ “Porsche နဲ့ Tesla တို့ကို ယှဉ်နိုင်တဲ့ အိမ်မက်ကားတစ်စီးဖြစ်တယ်” ဆိုတဲ့ အကြောင်းအပါအဝင် ကြီးမားတဲ့ရည်မှန်းချက်တွေကို ဖော်ပြခဲ့ပြီး “လာမယ့် ၁၅ နှစ်ကနေ အနှစ် ၂၀ အတွင်း အားသွန်ခွန်စိုက် လုပ်ဆောင်ပြီး ကျွန်ုပ်တို့ဟာ တရုတ်နိုင်ငံရဲ့ မော်တော်ကား လုပ်ငန်းကို မြှင့်တင်ဖို့ ကြိုးပမ်းနေတဲ့ ကမ္ဘာ့ ထိပ်တန်း ကားထုတ်လုပ်သူ ၅ ဦးထဲက တစ်ဦး ဖြစ်လာမှာပါ” လို့ Lei က ဒီနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်ကတည်းက တခြားနည်းပညာကုမ္ပဏီတွေလိုပဲ လျှပ်စစ်ကားလုပ်ငန်းစတင်ဖို့ Xiaomi က စီစဉ်ခဲ့တာဖြစ်ပြီး ဘေဂျင်းမှာ ပြုလုပ်ခဲ့တဲ့ ကား မိတ်ဆက်ပွဲမှာ Xiaomi ကားတွေရဲ့ အလိုအလျောက် မောင်းနှင်နိုင်မှုစွမ်းရည်ဟာ စက်မှုလုပ်ငန်းရဲ့ရှေ့ပြေးတစ်ခု ဖြစ်လာမယ်လို့လည်း Lei က ပြောကြားခဲ့ပါတယ်။

Xiaomi-branded ကားတွေကို ဘေကျင်းစက်ရုံမှာ နှစ်စဉ် ကားအစီးရေ ၂ သိန်းလောက်ထုတ်လုပ်နိုင်တဲ့ စွမ်းရည်ရှိတဲ့ နိုင်ငံပိုင် ကားထုတ်လုပ်သူ BAIC Group က ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *