September 28, 2024

၂၈.၁၂.၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် ခရစ္စမတ်နေ့အကြိုလက်ဆောင်များ ခွဲဝေမှုအပေါ် အငြင်းပွားမှုဖြစ်ပွားရာမှ အသက် ၂၃ နှစ်အရွယ် အစ်မအရင်းဖြစ်သူအား အသက် ၁၄ နှစ်အရွယ် မောင်ဖြစ်သူက သေနတ်ဖြင့်ပစ်သတ်ခဲ့မှု ဒီဇင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ်၊ ပီနဲလာ့စ်ခရိုင်(Pinellas County) ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် သေဆုံးခဲ့သူ အသက် ၂၃ နှစ်ရှိ အစ်မဖြစ်သူ အက်ဘရီးလီး ဘာလ်ဒွင် နှင့် သူမ၏ ၆ နှစ်သားနှင့် ၁၁ လသားအရွယ် သားနှစ်ဦး ၊ သူမ၏ မောင်များဖြစ်သည့် အသက် ၁၄ နှစ်ရှိ ဒါမာကပ်စ်၊ အသက် ၁၅ နှစ်ရှိ ဒါကပ်စ် ကိုလီနှင့် သူမ၏ မိခင်ဖြစ်သူတို့အတူ ခရစ္စမတ်ဈေးဝယ်ထွက်ခဲ့သည်ဟု ဆိုသည်။

ဈေးဝယ်အပြီး ၎င်းတို့၏အဖွားဖြစ်သူအိမ်သို့ အရောက်တွင် အစ်မဖြစ်သူအက်ဘရီးလီးနှင့်မောင်အငယ်ဆုံး ဒါမာကပ်စ် တို့မှာ ခရစ္စမတ်လက်ဆောင်များနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ်စကားများခဲ့ကြသည်ဟုဆိုသည်။ ထို့နောက်တွင် အက်ဘရီးလီးက ခရစ္စမတ်နေ့ဖြစ်၍ ရန်မဖြစ်လိုကြောင်းပြောခဲ့သော်လည်း ဒါမာကပ်စ်က အစ်မဖြစ်သူနှင့်ချီထားသော ၁၁ လသားကလေးကိုပါ သေနတ်နှင့်ပစ်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကဖော်ပြခဲ့သည်။ ထို့နောက်တွင်မူ အသက် ၁၅ နှစ်ရှိ ဒါကပ်စ်က ၎င်း၏ညီဖြစ်သူ ဒါမာကပ်စ် ထွက်မပြေးခင်သေနတ်နှင့်ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

ဒါမာကပ်စ်နှင့် အက်ဘရီလီးတို့မောင်နှမအား ဆေးရုံသို့အမြန်ပို့ခဲ့သော်လည်း ရင်ဘတ်တွင်ထိမှန်ခဲ့သော အက်ဘရီးလီးမှာ သေဆုံးပြီးဖြစ်ကြောင်းတွေ့ရကာ ကနဦးပစ်ခတ်သူ ဒါမာကပ်စ်မှာလည်း အစ်ကိုဖြစ်သူ၏ တုံ့ပြန် ပစ်ခတ်ခဲ့မှုကြောင့် ကျည်ထိမှန်ခဲ့သော်လည်း ယခုအခါ ပုံမှန်အခြေအနေတွင်ပင်ရှိကြောင်း သိရသည်။

အသက် ၁၅ နှစ်ရှိ ဒါကပ်စ်မှာမူ ညီဖြစ်သူ ဒါမာကပ်စ် အား ပစ်ခတ်အပြီးတွင် ၎င်း၏သေနတ်အား အနီးရှိခြံဝင်းတစ်ခုအတွင်းပစ်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က သေနတ်ကိုရှာဖွေနေကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ဒါမာကပ်စ်က ခရစ္စမတ်လက်ဆောင်များခွဲဝေရာတွင် အစ်ကိုဖြစ်သူ ဒါကပ်စ်က ၎င်းထက်ပိုရသည်ဟုဆိုကာ မကျေမနပ်ဖြစ်ရာမှ ဒါမာကပ်စ်နှင့် အက်ဘရီလီးတို့မောင်နှမအကြား ခွန်းကြီးခွန်းငယ်စတင်စကားများခဲ့ကြရာမှ မောင်နှမသုံးဦးအကြား အပြန်အလှန်ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟုလည်း သတင်းအချို့က ဖော်ပြခဲ့သည်။

Ref——–People.com

Leave a Reply

Your email address will not be published. Required fields are marked *