September 28, 2024

၂၈. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

ဟောင်ကောင် နာမည်ကြီးရုပ်ရှင်မင်းသမီးဟောင်းတစ်ဦးလည်းဖြစ်သော ဘွန်နီ လိုင်ဆပ်ရင်က ၎င်း၏မိသားစုနှင့် အတူ ခရစ္စမတ်နေ့ညဖက် အထိမ်းအမှတ်ပွဲတွင် အတူပါဝင်ဆင်နွှဲခဲ့ပြီးနောက် ၎င်း၏တိုက်ခန်းအတွင်း သတိလစ်နေသည်ကို ခင်ပွန်းဖြစ်သူ အလှပြင်ခွဲစိတ်ဆရာဝန် အန်ဂတ်စ်ဟွေးက ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တွေ့ရှိခဲ့ရကြောင်း သတင်းများကဖော်ပြခဲ့ကြသည်။

ဒီဇင်ဘာ ၂၅ ရက် ညတွင် မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အတူ ခရစ္စမတ်ပွဲတက်ရောက်ခဲ့သော လိုင်က ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ခင်ပွန်းဖြစ်သူ ဒေါက်တာဟွေး ထံ “နောက်ဘဝမှ ဆုံကြတာပေါ့” ဟု စာတိုကို WhatsApp လူမှုကွန်ရက်မှ ပေးပို့ခဲ့သည်ဟုဆိုသည်။ ထိုစာကိုလက်ခံရရှိပြီးနောက် ဒေါက်တာဟွေးက လိုင်၏ တိုက်ခန်းသို့အမြန်သွားခဲ့သော်လည်း ၎င်းအားသတိလစ်လျက်သာတွေ့ရတော့သည်ဟု ဆိုသည်။ ၎င်းအားဆေးရုံသို့ပို့၍ ကုသမှုများပြုခဲ့သေးသော်လည်း သေဆုံးသွားခဲ့ခြင်းဟုလည်း သိရသည်။

အသက် ၆၄ နှစ်ရှိ လိုင်၏ ခင်ပွန်းဟောင်း ဟောင်ကောင်ရုပ်ရှင်မင်းသားနှင့်ကိုယ်ခံပညာသရုပ်ဆောင် ကန်လိုးကလည်း လိုင် သေဆုံးမှုအားအတည်ပြုခဲ့ကာ လွန်ခဲ့သော နှစ်ပတ်ခန့်ကပင် ၎င်းနှင့် လိုင်တို့ နောက်ဆုံးစကားပြောခဲ့ကြောင်းပြောခဲ့သည်။

ရဲတပ်ဖွဲ့က အသက် ၄၆ နှစ်ရှိ လိုင်၏သေဆုံးမှုအား မိမိကိုယ်မိမိ သတ်သေမှုအဖြစ်သတ်မှတ်ကာ စုံစမ်းစစ်ဆေးနေကြောင်းလည်းသိရသည်။ ဟောင်ကောင်မီဒီယာများကလည်း လိုင်မှာ စိတ်ကျဝေဒနာကို အနှစ် ၂၀ ခန့်အထိခံစားနေရကြောင်းနှင့် ထို့အတွက်ဆေးကုသမှုများခံယူခဲ့ကြောင်းလည်း ဖော်ပြခဲ့ကြသည်။

လိုင်က ၁၉၉၅ ခုနှစ်ကစ၍ Miss Asia Pageant အဖြစ် အနုပညာလောကသို့ စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ လိုင်က ပထမခင်ပွန်း ကန်လိုးနှင့် ၁၉၉၈ ခုနှစ်တွင် လက်ထပ်ခဲ့ကြကာ ရင်သွေးဖြစ်သူ သားနှစ်ဦးရရှိအပြီး ၂၀၀၆ ခုနှစ်တွင် ကွာရှင်းခဲ့သည်။

တဖန် ဒုတိယခင်ပွန်း ဒေါက်တာဟွေးနှင့် ၂၀၀၇ ခုနှစ်တွင်လက်ထပ်ခဲ့ပြီး ယခုအခါ အသက် ၁၆ နှစ်နှင့် ၁၁ နှစ်စီအသီးသီးရှိကြသော သားနှစ်ဦးထပ်မံရရှိခဲ့သည်။သို့သော် ၂၀၁၂ ခုနှစ်တွင် သားအငယ်အားမွေးဖွားပြီးနောက် ၎င်းတို့အိမ်ထောင်ရေးမှာလည်း အဆင်မပြေဖြစ်ခဲ့သည်ဟု ဆိုသည်။

Ref- Straits Times

Leave a Reply

Your email address will not be published. Required fields are marked *