September 28, 2024

၂၈. ၁၂. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံရှိ ကလေးသူငယ် ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီးလက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ အကြီးမားဆုံးသောဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်သည့် Unicef က ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှု သုံးနှစ်နီးပါးအကြာတွင် အရပ်သားများ နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ အခက်အခဲများကြုံတွေ့နေရသည့်ကျန်းမာရေးစနစ်၊ မြောက်များစွာသော
အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံးရခြင်းစသည့် ပဋိပက္ခများ မကြုံစဖူးမြင့်တက်လာခဲ့သလို ၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် မုတ်သုန်ရေကြီးရေလျှံခြင်းများအပါအဝင် သဘာဝဘေး အန္တရာယ်များကလည်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းရှိ လူမှုအသိုင်းအဝိုင်းအများအပြားကို ပျက်စီးစေခဲ့ပြီး ရှိရင်းစွဲအခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့ကြောင်း Unicef က ပြောသည်။

နေရပ်နှင့်အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ မြင့်တက်လာခြင်းနှင့် ဝန်ဆောင်မှုများပြတ်တောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ်များသည် အရေးပါသော ကာကွယ်ဆေးထိုးနှံမှုများနှင့် လွဲချော်နေပြီး ကာကွယ် ဆေးဖြင့် ကာကွယ်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေအန္တရာယ်မှာလည်း မြင့်မားနေကြောင်း ကုလသမဂ္ဂ၏ ကလေးငယ်များဆိုင်ရာရန်ပုံငွေအဖွဲ့ Unicef က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ယခင်ကပင် အရှေ့တောင်အာရှတွင် အသက် ၅ နှစ်အောက် ကလေးသေဆုံးနှုန်း အမြင့်မားဆုံးနှင့် ရင်ဆိုင်နေရသည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ကမ္ဘာတဝှမ်းတွင် မွေးဖွားချိန်မှစ၍ ကာကွယ်ဆေးမထိုးနှံရသေးသော ကလေးဦးရေအများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်နေပြီး ကလေးများ၏ အနာဂတ်ကောင်းကျိုးအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေကာ အားနည်းယိုင်နဲ့နေပြီးဖြစ်သော ကျန်းမာရေးစနစ်ကို ပိုမိုအားနည်းစေခြင်း ဖြစ်လာစေဖွယ်ရှိနေကြောင်း ယူနီဆက်ဖ်က ဆိုသည်။

ထို့ပြင် ကလေးငယ် ၄ သန်းကျော်သည် ပညာသင်ကြားခွင့် ပျောက်ဆုံးနေပြီး ယခုအခါ တိုက်ခိုက်မှုများတွင် ပစ်မှတ်ထားခံရခြင်း၊ တိုက်ခိုက်မှုများအတွင်းသို့ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် အရွယ်မတိုင်မီလက်ထပ်ထိမ်းမြားစေခြင်းများ အပါအဝင် ပြင်းထန်သော ချိုးဖောက်မှုနှင့် အလွဲသုံးစားပြုမှု အန္တရာယ်များ ပိုမိုမြင့်မားစွာ ရင်ဆိုင်နေရသည်ဟုဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အာဏာအငြင်းပွားမှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများ ပိတ်ထားရခြင်း၊ ပညာရေးပြတ်တောက်ခြင်းတို့ကြောင့် ကလေးများ၏ ပညာရေးနှင့် အိပ်မက်များကို အဟန့်အတားဖြစ်စေရုံသာမက နိုင်ငံ၏ အနာဂတ်စီးပွားရေး ထုတ်လုပ်နိုင်စွမ်းကိုလည်း ပြင်းပြင်းထန်ထန် အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် မျိုးဆက်တစ်ခုလုံးသည် ထုတ်လုပ်နိုင်စွမ်းရှိသော လုပ်သားအင်အားစုတစ်ခုအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာကို ရယူရာတွင် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

အထက်ပါဖြစ်ရပ်များအပြင် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနှင့် အိမ်ထောင်စုဝင်ငွေများ ကျဆင်းလာခြင်းကြောင့် မြန်မာမိသားစုများ အထူးသဖြင့် နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရသူများနှင့် ထိခိုက်လွယ်ဆုံးသူများသည် အစားအစာနှင့် သန့်ရှင်းသောရေ အပါ အဝင် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရုန်းကန်နေကြရပြီး ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များမှာ ပြင်းထန်အာဟာရချို့တဲ့မှု ပိုမိုဖြစ်ပေါ်ကာ ရေကြောင့်ဖြစ်ပွားသော ရောဂါများဖြစ်ပွားနိုင်ခြေအန္တရာယ်များနှင့်လည်း ရင်ဆိုင်နေကြရကြောင်း ယူနီဆက်ဖ်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Ref unicef.org

Leave a Reply

Your email address will not be published. Required fields are marked *