၂၈. ၁၂. ၂၀၂၃
translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လူကို သေစေနိုင်သည့် ဇီကာဗိုင်းရပ်(Zika Virus) ကူးစက်ပြန့်ပွားလာမှုကြောင့် ပြည်သူများအနေဖြင့် ခြင်ကိုက်ခံရခြင်းမှ ဂရုစိုက်ကာကွယ်ကြပါရန် ရောဂါ ပိုးမွှားဗေဒ ပညာရှင်တစ်ဦးက ဒီဇင်ဘာ ၂၇ ရက်တွင် သတိပေးပြောကြားခဲ့သည်။
ချူလာလောင်ကွန်တက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာဦးစီးဌာနမှ ဆေးရုံဆေးခန်းဆိုင်ရာရောဂါပိုးမွှားဗေဒ ပညာရှင်ဒေါက်တာ ယွန် ပူဗိုရာဝန်က ခြင်ကိုက်ခံရခြင်းမှ ဇီကာဗိုင်းရပ်ကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိ၍ ဘန်ကောက်မြို့အတွင်းနှင့် စေတီပုထိုးများတွင်ပါ ဗိုင်းရပ်ကူးစက်မှုကိုစောင့်ကြည့်ထောက်လှမ်းနေကြောင်းလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားခဲ့သည်။
၎င်းက မြို့တော်အတွင်း ဇီကာဗိုင်းရပ်ပျံ့နှံမှု ခံနေရသော လူနာအရေအတွက်ကို အတိအကျမပြောခဲ့သော် လည်း အဆိုပါ ဗိုင်းရပ် ကူးစက်ပျံ့နှံမှုက လူကိုသေစေနိုင်သည်အထိ အချို့လူနာများတွင် တွေ့ရကြောင်း ပြောခဲ့သည်။
အဆိုပါ ဗိုင်းရပ်ကူးစက်မှုက ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ဦးဏှောက် ထိခိုက်ချို့တဲ့မှုရှိသည့် ကလေးမွေးဖွားခြင်း(သို့မဟုတ်)ပုံမှန်ထက်သေးငယ်သောဦးခေါင်းရှိသည့် ကလေးမွေးဖွားခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း ဒေါက်တာယွန်က သတိပေးခဲ့သည်။
၎င်းက ဇီကာဗိုင်းရပ်မှာ အပူပိုင်းဒေသတွင် ပြင်းထန်သော အဖျားရောဂါဖြစ်စေသည့် Dengue ဗိုင်းရပ်ကဲ့သို့ပင် ခြင်ကိုက်ခံရခြင်းမှ ကူးစက်ပြန့်ပွားလာခြင်းဖြစ်ပြီး ဗိုင်းရပ်ပိုးသယ်ဆောင်ထားသော အေးဒီးစ်(Aedes) ခြင်အမျိုးအစားများ နေ့ဘက်တွင်အကိုက်ခံရခြင်းမှ လူသို့ အဓိကကူးစက်ခြင်းဟု ဆိုခဲ့သည့်။ ထို့ကြောင့်လည်း အရောင်ဖျော့သော လက်ရှည်အင်္ကျီများဝတ်ခြင်း၊အရေပြားတွင် ခြင်ကိုက်ခြင်းကိုကာကွယ်သည့်ဆေးများလိမ်းခြင်းတို့ကို ပြုလုပ်သင့်ကြကြောင်းလည်း ပြောခဲ့သည်။
ဇီကာဗိုင်းရပ်ကူးစက်ခံရပါက သုံးရက်မှ ခုနှစ်ရက်အတွင်း အဆစ်အမြစ်များနာခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်းနှင့် ပင်ပန်းနွမ်းလျခြင်းစသည့် ရောဂါလက္ခဏာများပြသကာ ဖျားခြင်း၊ အနီကွက်အနီစက်များ ပေါ်တတ်ကြောင်း တွေ့ရသည်။
ဇီကာဗိုင်းရပ်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ၌ နိုင်ငံခြားသူတစ်ဦးတွင် ဇီကာဗိုင်းရပ်ကို စတင်တွေ့ရှိခဲ့သည်ဟု သိရသည်။
Ref——-Nation Thailand