MT News
Written by Nay Moe
တပ်မတော်အရာရှိတစ်ဦး၏ မိခင်နှင့် လှေလုပ်သားသုံးဦးအား ထားဝယ်-ကျောက်နီမော်ရေလမ်းခရီးတွင် သတ်ဖြတ်ပြီး ငွေနှင့် ရွှေထည်ပစ္စည်းများ လုယက်ယူငင်ကာ လေးလောင်းပြိုင်သတ်ဖြတ်မှု ထားဝယ်မြို့တွင် ဖြစ်ပွားခဲ့သည်ဟု သတ်ဖြတ်ခံရသူ၏ မိတ်ဆွေများထံမှ စုံစမ်း သိရသည်။
သတ်ဖြတ်ခံရသည့် ဒေါ်ဝင်းခိုင်ကျော်မှာ နိုဝင်ဘာ ၂၃ ရက်က ထားဝယ်မှ ကျောက်နီမော်ရွာသို့အသွား ရေလမ်းခရီးတွင် ၎င်းအသုံးပြုသည့် Facebook အကောင့်မှ Live လွှင့်နေစဥ် လှေတစ်စီးအနားကပ်လာသည်ကို Live တွင် တွေ့ရပြီး “ဒီလှေက ဘာလှေလဲ” ဟု ပြောရင်း Live ပိတ်သွားခဲ့သည်။ ထို့နောက် အဆက်အသွယ်မရတော့သဖြင့် လိုက်လံရှာဖွေရှာမှ ထားဝယ်-ကျောက်နီမော်အသွားလမ်းရှိ ကျွန်းတစ်ခုပေါ်တွင် ဒေါ်ဝင်းခိုင်ကျော်နှင့် လှေလုပ်သားသုံးဦး စုစုပေါင်းလေးဦး၏ သက်မဲ့ခန္ဓာများကို နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည်တွေ့ရှိခဲ့သော်လည်း ဒေါ်ဝင်းခိုင်ကျော်နှင့်အတူ ပါသွားသည့် ငွေသားများ၊ ဝတ်ဆင်သွားသည့် ရွှေထည်များ၊ ဖုန်းများအား လုယက်ယူငင်သွားသည်ဟုလည်း သိရသည်။
“ပင်လယ်ထဲမှာ စက်လှေစီးရင်း Live လွှင့်နေတာ။ လှေတစ်စီးကပ်လာတယ်။ ပြီးတော့ Live ပိတ်သွားတယ်။ PDF တွေ သတ်သွားတယ်လို့ သိရတယ်။ သူ့သားက တပ်အရာရှိဆိုတော့ ဒလန်စာရင်းအသွင်းခံထားရတာကြာပြီ။ အခု ဒီနေ့ပြန်တွေ့တော့ မခိုင်ရော လှေလုပ်သားတွေကိုပါ ညှင်းပန်းနှိပ်စက်ပြီး လေးလောင်းပြိုင်သတ်ထားတာ တွေ့ရတယ်။ ဝတ်ထားတဲ့ ရွှေထည်တွေ၊ ပါသွားတဲ့ငွေတွေ၊ ဖုန်းတွေကိုလည်း လုယက်သွားတယ်”ဟု လုယက်သတ်ဖြတ်ခံရသည့် ဒေါ်ဝင်းခိုင်ကျော်၏ မိတ်ဆွေတစ်ဦးကပြောသည်။
ဒေါ်ဝင်းခိုင်ကျော်နှင့် လှေလုပ်သားသုံးဦးကို သတ်ဖြတ်ခဲ့သည်မှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး အဆိုပါ အဖွဲ့အနေဖြင့်လည်း “ဒေါ်ဝင်းခိုင်ကျော်ပါလေးဦးကို သတ်ဖြတ်ခဲ့သည်မှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြောက်ကျားတပ်ဖွဲ့တို့ဖြစ်ပြီး” ယင်းတို့၏ သတ်ဖြတ်မှုမှာ ပြည်သူများနှင့်မဆိုင်ကြောင်း နိုဝင်ဘာ ၂၅ ရက်(ယနေ့)တွင် ကြေညာ ချက် ထုတ်ပြန်ထားသည်။
ထို့ပြင် ၎င်းတို့ လေးလောင်းပြိုင်သတ်ဖြတ်ခဲ့သည့် ဒေါ်ဝင်းခိုင်ကျော်နှင့် လှေလုပ်သားသုံးဦးကို ပျုစောထီးများဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စွပ်စွဲထားပြီး ဒေါ်ဝင်းခိုင်ကျော်နှင့် လှေလုပ်သားများထံမှ ငွေသားကျပ် ၃၁ သိန်းကျော်၊ ရွှေကြိုးနှင့် ပလက်တီ နမ်ကြိုး ၅ ကြိုး၊ လက်စွပ် ၈ ကွင်း၊ နားကွင်း ၂ စုံ၊ လက်စွပ် ၂ ကွင်းနှင့် စကားပြောစက်တစ်လုံးအပါအဝင်အခြားပစ္စည်းများ သိမ်းယူခဲ့သည်ဟုလည်း ဖော်ပြထားသည်။