October 19, 2024

၂၇.၁၂.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များဖြစ်သော ဆုံခလာ၊ ပတ်တာနီ၊ ရာလ၊ နာရာသီဝပ်နှင့် ဆာတွန်ပြည်နယ်များတွင် ဒီဇင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အတွင်း မိုးရွာသွန်းမှုကြောင့် ဆိုးရွားသောရေလွှမ်းမိုးမှုများဖြစ်ပွားလျက်ရှိရာ နိုင်ငံ၏ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ဒေသအတွင်းပြည်သူများ၏ ကျန်းမာရေးအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ချိုလ်နန် ဆရီကောက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီး ချိုလ်နန်ဆရီကောက အရေးပေါ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏သတင်းများအရ ​ဒေသအတွင်း သဘာဝဘေး အန္တရာယ်များ၊ ရေကြီးမှုများနှင့် မြေပြိုမှုများဆက်လက်ဖြစ်ပွားလာနိုင်သည်ကို ညွှန်ပြနေကြောင်းလည်း ပြောခဲ့သည်။ အဆိုပါထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်ငါးခုတွင် ရေလွှမ်းမိုးမှုဒဏ်ကို အိမ်ထောင်စုပေါင်း ၁၈,၄၀၂ စုက ခံစားနေရကြောင်းလည်း သတင်းများကဆိုသည်။

ရေလွှမ်းမိုးမှုဒဏ်ကြောင့် ရာလနှင့် နာရာသီဝပ်ပြည်နယ်များတွင်ဆိုလျှင် ဆေးရုံများ၊ ဆေးခန်းများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံ ခြောက်ခုစီဖြင့် စုစုပေါင်း ၁၂ ခုမှာ ထိခိုက်ပျက်စီးခဲ့ရသည်။ ၎င်းတို့အနက် ၁၀ ခုမှာ လုံးဝပိတ်ခဲ့ရကြောင်း ရှေးဦးသတင်းများက ဖော်ပြခဲ့ကြသည်။ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလကုန်ပိုင်းရက်များတွင် ထပ်မံဖြစ်ပေါ်လာနိုင်သော ရေကြီးရေလျှံမှုများနှင့် ရေလွှမ်းမိုးမှုများ၏ အလားအလာကိုလည်း စောင့်ကြည့်ကြရန်တိုက်တွန်းခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့်ယခုအခါ ရာလနှင့် နာရာသီဝပ်ပြည်နယ်များတွင် အရေးပေါ်ဆေးဘက်ဆိုင်ရာနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းဗဟိုများကို ဖွင့်လှစ်ထားရပြီး ရေဘေးဒဏ်ခံရသော ဒေသခံပြည်သူများတွင် သက်ရောက်မှုများ၊ အထူးသဖြင့် ကူးစက်ရောဂါပျံ့နှံ့ခံရသူများနှင့် အိပ်ရာမှမထနိုင်ဘဲ လဲနေသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ဆောင်ရွက်နေကြောင်းပြောခဲ့သည်။

Ref——Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *