October 23, 2024

MT News

Written By A Thaung

ကမ္ဘာ့ဖလား အုပ်စုပတ်လည် ဒုတိယအကျော့ပြိုင်ပွဲမှာ အီရန်က ဝေးလ်စ်အသင်းကို ပွဲပြီးကာနီး နောက်ကျဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မနေ့ကပွဲမှာ ဝေးလ်စ်အသင်းက ဂါရတ်ဘေးလ်၊ မိုးလ်၊ ဝီလီယံ၊ အာရွန်ရမ်ဆေး၊ ဒေးဗီလ် တို့နဲ့ လူစုံတက်စုံပွဲထွက်လာခဲ့သလို အီရန်ကလည်း ဝါရင့်တိုက်စစ်မှူး အက်ဇ်မောင့်၊ တယ်ရီမီ တို့ကိုအားထားပြီး ပွဲထွက်လာခဲ့ပါတယ်။

ပထမပိုင်းပွဲစချိန်ကတည်းက ကစားပုံညံ့ဖျင်းနေတဲ့ ဝေးလ်စ်တို့ဟာ အီရန်နောက်တန်းကို ထိထိရောက်ရောက်ခြိမ်းခြောက်တာမျိုးမလုပ်နိုင်တဲ့အပြင် မိုးလ်၊ ဂါရတ်ဘေးလ်တို့ကလည်း ခြေမပေါ်ခဲ့ပါဘူး။

ပွဲချိန် ၁၆ မိနစ်မှာ အီရန်အလယ်တန်းကစားသမား ဂိုလ်လီဇဒက် ရဲ့သွင်းဂိုးက လူကျွံဘောဖြစ်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပြန်ပါတယ်။

ဒီပွဲမှာ ဝေးလ်စ်အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ အာရွန်ရမ်ဆေး၊ ဝီလီယံ တို့ တိုက်စစ်ကိုမပံ့ပိုးနိုင်တဲ့အပြင် နောက်တန်းကလည်း အမှားများခဲ့ပါတယ်။

အီရန်ကတော့ အသင်းလိုက်စုစည်းပုံကောင်းကောင်းနဲ့ တန်ပြန်တိုက်စစ်ကို ဦးစားပေးပုံဖော်ကစားပြီး ရှေ့အထောင်တိုက်စစ်မှူးဖြစ်တဲ့ အက်ဇ်မောင့် နဲ့ တယ်ရီမီ တို့ဆီကို အဓိကပံ့ပိုးမှုတွေလုပ်ပေးနိုင်လို့ ဝေးလ်စ် တို့ အကြပ်ရိုက်ခဲ့ရပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဝေးလ်စ် ဂိုးသမား ဝိန်းဟန်နက်ချီ က အီရန်ကစားသမား အရှိန်နဲ့ပြေးဝင်လာတာကို ကြမ်းကြမ်းတမ်းတမ်းတားဆီးခဲ့လို့ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအနီကတ်ရတဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

တစ်ယောက်လျော့ ဝေးလ်စ်တို့အတွက် ဂိုးရနိုင်မယ့် အခြေအနေကောင်းတွေရှိပေမယ့်လည်း ရှေ့တန်းတိုက်စစ်မှူးတွေ ဘောချော်နေခဲ့လို့ ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၈ မိနစ်မှာ ချက်ဒ်မီက ဦးဆောင်အနိုင်ဂိုးသွင်းယူခဲ့ပြီး အနိုင်သေချာစေမယ့်ဂိုးကိုတော့ နာကျင်အချိန်ပို ၁၁ မိနစ်မှာ ရာဇိန်မ် ကသွင်းယူခဲ့ပါတယ်။

အီရန်ဟာ ကမ္ဘာ့အဆင့် ၂၀ ရှိတဲ့အသင်းဖြစ်ပြီး ဝေးလ်စ်ကတော့ ကမ္ဘာအဆင့် ၁၉ ရှိတဲ့အသင်းပဲဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အီရန်တိုက်စစ်မှူး အက်ဇ်မောင့်က အကောင်းဆုံးကစားသမားဆု ရသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *