၂၇. ၁၂. ၂၀၂၄
Written by Hey Mar
ရန်ကုန်၊ မန္တလေး အမြန်လမ်းမှာ ကျန်းမာရေးအတွက် ကားခေတ္တရပ်နားပေးချိန် အပေါ့အပါးဆင်းသွားတဲ့ အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု မနေ့က ဒီဇင်ဘာ ၂၆ ရက် ည ၁၁ နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တယ်လို့ ကမ်းမယ့်လက်များ ပရဟိတအသင်း တာဝန်ရှိသူထံက သိရပါတယ်။
ဖြစ်စဥ်အရ ညသန်းခေါင်မတိုင်မီအချိန် အမြန်လမ်း ၁၃၈/၁ မိုင်အနားမှာ ရန်ကုန်ကနေ မန္တလေးဘက်ကို သွားတဲ့ ယာဉ်ကြောမှာ Express အမြန်ယာဉ်ကို ကျန်းမာရေးအတွက် ခေတ္တရပ်နားပေးခဲ့ချိန် ခရီးသည် ကိုအောင်ကျော်ထွန်း(နောင်ချိုမြို့နယ်နေသူ)က အပေါ့အပါးသွားဖို့ တစ်ဖက်ယာဥ်ကြောကိုလမ်းဖြတ်ကူးနေတုန်း ကားတစ်စီးက (အမျိုးအမည်နံပါတ်မသိ)ဖြတ်တိုက်သွားတာလို့ သိရပါတယ်။
“သူက သူစီးလာတဲ့ကားရပ်ထားတဲ့ဘက်က လမ်းဘေးဆင်းလည်းရတာကို လမ်းလယ်ကျွန်းဘက် တက်သွားတာလို့ မြင်တဲ့သူတွေက ပြန်ပြောပြကြတယ်။ ကားရပ်ထားတဲ့ နေရာကလည်း ကုန်းဆင်းဖြစ်နေတော့ လာတဲ့ကားတွေက အရှိန်ပါလာမှာပဲ။ တိုက်ပြီးမောင်းပြေးတာ။ သက်ဆိုင်ရာကတော့ စုံစမ်းစစ်ဆေးနေပါတယ်” လို့ ကမ်းမယ့်လက်များ ပရဟိတအဖွဲ့မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ယာဥ်တိုက်ခံရတဲ့လူနာကို တောင်ငူဆေးရုံအရေးပေါ်အချိန်မီပို့ဆောင်နိုင်ခဲ့ပေမယ့် ဆေးရုံရောက်ပြီး ၄၅ မိနစ်ခန့်အကြာမှာ ကွယ်လွန်သွားခဲ့ပြီး သေဆုံးသူရဲ့ ပျက်စီးသွားတဲ့ဖုန်းထဲကနေ ဆင်းမ်ကတ်ဖြုတ်ယူကာ မိသားစုထံ သက်ဆိုင်ရာအဖွဲ့အစည်းက ချိတ်ဆက်ဆောင်ရွက်တာတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။