October 19, 2024

၂၇. ၁၂. ၂၀၂၃
Written by Ye Kyaw

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအား အဆင့် ၄ ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစု ပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခုဖြင့် နှစ်စဥ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ (ခုနစ်သန်း) လက်ခံနိုင်ရန်လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ်ပူးပေါင်း ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံထားသည့် အကြီးစားအခြေခံအဆောက်အအုံ တိုးတက်ရေးစီမံကိန်းတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းတွင် မြန်မာဘက်မှ အစု ရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်ထားခြင်းဖြစ်သည်။ လက်ရှိတွင် ကနဦး ပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ တိုင်းတာစစ်ဆေးမှုလုပ်ငန်း (PGTS)ကို ပြီးစီးပြီဖြစ်ရာ စီမံကိန်းနောက်ဆက်တွဲ ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပြီး အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခု ဖြစ်လာနိုင်မည့်အပြင် ကမ္ဘာသို့ တံခါးပေါက်ကြီး (Gateway) အသွင်ဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့် တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် သဘောတူစာချုပ်များကို ၂၀၂၀ ပြည့်နှစ်ကတည်းက ချုပ်ဆိုနိုင်ခဲ့သော်လည်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ကိုဗစ်-၁၉ ရောဂါပျံ့နှံခဲ့ခြင်း၊ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေရခြင်းတိုကြောင့် စီမံကိန်းစတင်အကောင်အထည်ဖော်နိုင်ရေး ၂ နှစ်ကျော် နှောင့်နှေးနေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို စောလျှင်စွာ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယခင်လုပ်ငန်း လုပ် ကိုင်ခွင့် သဘောတူစာချုပ်အား ပိုမိုပြည့်စုံစေရန်နှင့် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သည့်အတွက် နောက်ဆက်တွဲစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။

ကျောက်ဖြူ‌ရေနက်ဆိပ်ကမ်း စောလျှင်စွာ အကောင်အထည်ဖော်နိုင်မည့် နောက်ဆက်တွဲ သဘောတူစာချုပ် (Addendum) ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် ဒါရိုက်တာ Mr. Liang Chuanxin တို့က ဒီဇင်ဘာ ၂၆ ရက် (ယမန်နေ့)တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *