၂၇. ၁၂. ၂၀၂၃
Written by Tha Doe
အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်နှစ်ပိုင်းဖြတ်တောက်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှု နေပြည်တော်မှာဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဒီဖြစ်စဥ်ဟာ ဒီဇင်ဘာ ၂၆ ရက်မနက်ပိုင်းမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဏ္ဏဒီပရပ် ရာဇသင်္ဃဟလမ်းမနဲ့ ပိတောက်လမ်းထောင့်မှာ ခန္ဓာကိုယ်နှစ်ပိုင်းပြတ် အမျိုးသမီးရုပ်အလောင်း တွေ့ရှိခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက် ညဘက်လူပြတ်ချိန်မှာ လာရောက်စွန့်ပစ်ထားဟန်ရှိတဲ့ ဒီအမျိုးသမီးရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စစ်ဆေးအပြီးမှာ နေပြည်တော် ကုတင်(၃၀၀) ဆေးရုံကြီး ပြင်ပလူနာဌာနကို ပို့ဆောင်စစ်ဆေးပြီး ရေခဲတိုက်(ရင်ခွဲရုံ) ကို နေပြည်တော်အခြေစိုက်ပရဟိတအသင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်သတင်းတွေအရတော့ အမျိုးသမီးဟာ ဆရာဝန်ကြီးတစ်ဦးရဲ့ဇနီးဖြစ်ပြီး သတ်ဖြတ်သူခင်ပွန်းကလည်း ဝန်ခံ ချက်ပေးထားပြီးဖြစ်တယ်လို့သိရသလို လက်ရှိမှာတော့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ MT News က ဆက်လက်အတည်ပြုနေပါတယ်။
“သတ်ဖြတ်ခံရတဲ့ အမျိုးသမီးက အသက် ၄၀ လောက်ရှိပါတယ်။ အပေါ်ပိုင်းဗလာတော့ မဟုတ်ပါဘူး။ အနွေးထည်တစ်ထည်ဝတ်ထားပါတယ်။ ဘရာစီယာဝတ်မထားတာတစ်ခုပဲရှိတာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ကို မဖြေဖို့လည်း တားမြစ်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ လိုအပ်တာအကုန်ကူညီပေးခဲ့ပါတယ်” လို့ ခန္ဓာကိုယ်နှစ်ပိုင်းဖြတ် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးကို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကူညီပေးခဲ့တဲ့ ပရဟိတအသင်းကအဖွဲ့ဝင်တစ်ဦးက MT News ကို ဒီဇင်ဘာ ၂၇ ရက် နေ့လယ်မှာပြောပါတယ်။