October 23, 2024

MT News

Written by Thi Ha

ထိန်းချုပ်ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် အမိုနီယမ်နိုက်ထရိတ်များ တင်ဆောင်လာသည့် MITSUBISHI FUSO အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် သက်သေများရှေ့တွင် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်အလေးချိန် ၂၀၀၀ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အမိုနီယံနိုက်ထရိတ်သည် ဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်ပြီး အဖြူရောင်ခရစ္စတယ်မှုန့်များသဏ္ဍာန်ရှိသည်။ ရေတွင် ပျော်ဝင်လွယ်ပြီး မီးလောင်လွယ်သည့် ပစ္စည်းလည်းဖြစ်သည်။ အများဆုံးအသုံးပြုမှာ ဓာတ်မြေသြဇာထုတ်လုပ်သည့်နေရာများဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍအတွက် မရှိမဖြစ် ထုတ်ကုန်တစ်ခုလည်း ဖြစ်သည်။

ထို့အပြင် ဖောက်ခွဲရေးလက်နက်ခဲယမ်းပစ္စည်းများတွင်လည်း ထည့်သွင်းအသုံးပြုသလို ကျောက်မိုင်းများ သတ္တုတူးဖော်ရေးလုပ်ငန်းများ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း ဖောက်ခွဲရေးအတွက် အသုံးပြုသည်။

အမိုနီရမ်နိုက်ထရိတ်သည် ဒေသန္တရလက်လုပ်မိုင်းပြုလုပ်နိုင်သည့် ဓါတုဗေဒပစ္စည်းဖြစ်သလို အခြားနည်းလမ်းပေါင်းများစွာဖြင့်လည်း အသုံးပြုနိုင်သည့်အတွက် အစိုးရက တင်သွင်းရန် ကန့်သတ်တားမြစ်ထားသည့် ကုန်ပစ္စည်းအမျိုးအစား ဖြစ်သည်။

သို့ဖြစ်၍ တားမြစ်ကန့်သတ်ပစ္စည်း သယ်ဆောင်လာသူ ဝင်းမင်းဦး(ခ)ပြာလောင် (၃၃)နှစ် နှင့် သက်လွင်ထွန်း (ခ)ကိုသက် (၃၃) နှစ် တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *