MT News
၂၇. ၁၂. ၂၀၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအနီး လိပ်သို-ယာဒိုသွားကားလမ်းပေါ် တံတားတစ်စင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူသွား ကားလမ်းပေါ်ရှိ တံတားနှစ်စင်းအား KNU နှင့် PDF များ မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအနီး လိပ်သို-ယာဒိုသွားကားလမ်းမိုင်တိုင်အမှတ် ၈ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားရှိ တံတားအမှတ်(၁/၉)၊ ပသိချောင်းကူးတံတား ဒေသအခေါ် ကျောက်တိုင်ရွာလယ်တံတားအား KNU နှင့် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် အရှည်ပေ ၅၀ ခန့်၊ အကျယ်ပေ ၃၀ ခန့်ရှိ RC ကွန်ကရစ်တံတား၏ ယာဘက်ခြမ်းတွင် အလျား ၅၀ ပေ၊ အကျယ် ၁၈ ပေခန့်နှင့် လက်ရန်းများပြိုကျပျက်စီးခဲ့ပြီး ယာဉ်များဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူသွား ကားလမ်းမိုင်တိုင်အမှတ် ၂၀ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားရှိ တံတားအား အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် အရှည် ၂၀ ပေ ၊ အကျယ် ၂၄ ပေရှိ ကွန်ကရစ် တံတား၏ တံတားချဉ်းကပ်ခုံ ၁၅ ပေခန့်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပျက်စီးခဲ့သည့် တံတားများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။