၂၆. ၁၂. ၂၀၂၃
Written by Phyo Wei
အိန္ဒိယနိုင်ငံကို တရားမဝင် ဝင်ရောက်တာကြောင့် မဏိပူရ်ပြည်နယ်မှာ ထောင်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား စစ်ရှောင်ပြည်သူ ၁၅၀ ခန့်ဟာ ကျသင့်တဲ့ထောင်ဒဏ်ကျခံပြီးတာတောင် ဆက်လက်ထိန်းသိမ်းခံနေရလို့ အစာငတ်ခံဆန္ဒပြတာကြောင့် ရိုက်နှက်နှိပ်စက်ခံနေရလို့ အမြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ဒီရက်သတ္တပတ်မှာပဲ မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း နိုဝင်ဘာ ၁၄ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၃၀ ဟာ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရတယ်လို့ Insecurity Insight အဖွဲ့က ဖော်ပြလာပါတယ်။
အခြားတစ်ဖက်မှာလည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ မူးယစ်ဂိုဏ်းကို ကျပ် ၅၁ ဘီလျံကျော်ဖိုးရှိတဲ့ မူးယစ်ဆေးတွေနဲ့ ဖမ်းမိခဲ့ပြီး ဒီလိုမျိုး AA လက်နက်ကိုင်အဖွဲ့ဝင်တွေကို အစိုးရအဆက်ဆက် မူးယစ်ဆေးဖြန့်ချိမှုနဲ့ မကြာခဏဖမ်းမိနေတာတောင် ဝင်ငွေရ စီးပွားရေးရလမ်းပြစရာမရှိတဲ့ AA က မူးယစ်ဆေးမဖြန့်ဘူးလို့ ငြင်းဆိုခဲ့တဲ့ဖြစ်စဉ်ရှိသလို ၂၀၂၄ အာဆီယံဥက္ကဋ္ဌဖြစ်လာမဲ့ လာအိုကို ထိုင်းနိုင်ငံကလည်း ကူညီမယ်လို့ ပြောလာတာ၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဒေသအတွင်း တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့ ၄ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးရဲ့ ပူးတွဲ ဥက္ကဋ္ဌ ဖြစ်တဲ့ SAC ဥက္ကဋ္ဌက တိုက်တွန်းလာတာရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ အဓမ္မစစ်သားစုဆောင်းတယ်လို့ ကမ္ဘာသိအောင် ထုတ်ဖော်ခံလိုက်ရတဲ့ MNDAA အကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးမစခင် တရုတ်နိုင်ငံနဲ့ညှိနှိုင်းတိုင်ပင်ခဲ့တယ်လို့ TNLA ဝန်ခံလာတဲ့အကြောင်းနဲ့ NUG၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထောက်ပံ့ဖို့ ငွေကြေး ပါမလာတဲ့ အမေရိကန်ရဲ့ ဘတ်ဂျက်အကြောင်းတွေကို တင်ပြချင်ပါတယ်။
◾ အဓမ္မစစ်သားစုတဲ့ MNDAA
ဟေမိုးလုံသာသနာပြုကျောင်းက ရဟန်း၊ သံဃာ ၂၆ ပါးကို MNDAA က စစ်ရှောင်ဖို့ ခေါင်းစဉ်နဲ့ လိမ်ညာခေါ်ဆောင်သွားပြီး ကိုရင်လေးပါးကို လူဝတ်လဲ အဓမ္မစစ်မှုထမ်းခိုင်းချိန်မှာ စစ်လိုလားသူတွေက မျက်စိမှိတ်နေခဲ့ပေမဲ့လည်း မြို့တွေသိမ်းဆည်းရာမှာ AA၊ TNLA၊ BPLA၊ BNRA နဲ့ မန္တလေး PDF အဖွဲ့ကို စစ်ကူခိုင်းရုံနဲ့ မလုံလောက်တော့ဘဲ စစ်သားလိုအပ်ချက်အရ စစ်ရှောင်ပြည်သူတွေကို ပေါ်တာဆွဲ၊ အဓမ္မစုဆောင်းတာ၊ သူသိမ်းထားတဲ့ဒေသမှာ တစ်အိမ်တစ်ယောက် ၁၅ နှစ်အထက်အကုန် စစ်မှုထမ်းရမှာလို့ MNDAA ခြိမ်းခြောက်လာချိန်၊ မိသားစုငါးယောက်ရှိရင် နှစ်ယောက်စစ်မှုထမ်းရမှာဖြစ်သလို စစ်မှုမထမ်းရင် ပိုင်ဆိုင်မှုအကုန်သိမ်းမယ်လို့ ခြိမ်းခြောက်လာချိန်ကြမှ အေးချမ်းနေတဲ့ ဒေသမှာ စစ်မျှော်မိတဲ့သူတွေ နောက်ဘုန်းကြီးက နှစ်ချက်အခေါက်ခံခဲ့ရတာ တွေ့ရမှာပါ။
ဒါကြောင့်လည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ (HRW)က မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ အရပ်သားတွေကို MNDAA အပါအဝင် လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင် အတင်းအကြပ် စစ်သား စုဆောင်းနေတယ်လို့ ကမ္ဘာသိပြောလာတာ တွေ့ရပါတယ်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဟာ ကိုးကန့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လောက်ကိုင်ကို MNDAA က ထိုးစစ်ဆင်မှုမတိုင်ခင် ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်မဘက် ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။ MNDAA က ထွက်ပြေးလာသူတွေကို အရင်က ပိတ်ထားခဲ့တဲ့ သစ်တောလမ်းတွေကို ဖွင့်ပြီးကူညီခဲ့ပေမဲ့ လောက်ကိုင်မြို့က ထွက်ခွာသွားသူတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေကို လုယက် သိမ်းဆည်းခဲ့ပြီး အမည်မသိ လူအများအပြားကိုလည်း ဖမ်းဆီးခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေကို အဓမ္မစစ်သားစုဆောင်းပြီး MNDAA ရဲ့ အရပ်သားတွေအပေါ် ရိုင်းစိုင်းတဲ့ အပြုအမူတွေကို ချက်ချင်းရပ်တန့် မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေအတွင်းက ပြည်သူတွေကို ကာကွယ်ဖို့ အစီအမံတွေ အားလုံးကို လုပ်ဆောင်သင့်တယ်လို့လည်း HRW က ပြောလာတာ တွေ့ရပါတယ်။ သေချာတာကတော့ စစ်တိုက်ရင်းနဲ့ စစ်သားမရှိတော့သလောက်ဖြစ်လာတဲ့ MNDAA နဲ့ မြောက်ပိုင်းလက်နက်ကိုင်တွေဟာ တပ်စခန်းတွေကို ဆက်တိုက်ဖို့၊ မြို့တွေကို ထိန်းချုပ်ဖို့၊ သိမ်းထားတဲ့ စစ်စခန်းတွေ ခြေကုပ်ယူဖို့ အဓမ္မစစ်သားစုတာ ဆက်လုပ်နေမှာဖြစ်ပြီး စစ်ကိုကြိုလင့်မိတဲ့ ပြည်သူတွေအနေနဲ့လည်း ဘယ်လောက်ကြာအောင် တိုက်နေမယ်မသိတဲ့ ဒီတိုက်ပွဲအလယ်မှာ ပိတ်မိပြီး လက်နက်ကိုင်နေရမဲ့အခြေအနေကို ရောက်ရှိနေပြီဖြစ်သလို လက်နက်မကိုင်ရတဲ့သူတွေကလည်း စစ်သံကြားတိုင်း ဒုက္ခသည်ဘ၀ ရောက်ကြရဦးမှာလည်း အသေအချာပါပဲ။
◾ ၁၀၂၇ စစ်ဆင်ရေးမစခင် တရုတ်နဲ့တိုင်ပင်ခဲ့တယ်လို့ ဖွင့်ဟဝန်ခံတဲ့ TNLA
MNDAA၊ AA နဲ့ TNLA က ၁၀၂၇ စစ်ဆင်ရေးစလိုက်တဲ့အချိန်မှာ အမျိုးသားရေးလှုပ်ရှားသူအစုအဖွဲ့က ဒီလုပ်ရပ်နောက်ကွယ်မှာ တရုတ်နိုင်ငံပါဝင်တယ်ဆိုပြီး နေရာအနှံ့မှာ ဆန္ဒထပြခဲ့ကြပါတယ်။ အဲဒီအချိန် တရုတ်နိုင်ငံတာဝန်ရှိသူတွေနဲ့ နီးစပ်သူတချို့က ဒီဆက်နွှယ်ပတ်သက်မှုရှိနိုင်တယ်ဆိုပြီး ဆန္ဒပြမှုကို မနှစ်သက်ကြောင်း ဝေဖန်သံတွေထွက်လာအပြီးမှာပဲ တရုတ်နိုင်ငံက မြောက်ပိုင်းသုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးပြန်လည်ညှိနှိုင်းနေတာ တွေ့ရပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်မှာတော့ ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာနဟာ တရုတ်နိုင်ငံမျက်လုံးပြူးလောက်တဲ့သတင်းတစ်ပုဒ်ကို TNLA ပြောရေးဆိုခွင့်ရှိသူစကား ကိုးကားပြီး တင်ဆက်လာတာတွေ့ရပါတယ်။ အဲဒီသတင်းမှာ TNLA ပြောရေးဆိုခွင့်ရှိသူက သူတို့မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမစခင် တရုတ်က ကျားဖြန်တွေ နှိမ်နင်းဖို့ သူတို့သုံးဖွဲ့ကိုဆက်သွယ်ခဲ့တယ်။ တရုတ်နဲ့ဆက်သွယ်ညှိနှိုင်းအပြီးမှာ သူတို့က ၁၀၂၇ စစ်ဆင်ရေးစမှာကို တရုတ်က သိသိလျက်နဲ့ငြိမ်သက်နေခဲ့တယ်လို့ ဖော်ပြခဲ့တာ တွေ့ရပြီး ဒီသတင်းကို NHK က ပြန်ဖြုတ်သွားခဲ့တာလည်း တွေ့ရပါတယ်။
သတင်းစာတိုက်တစ်ခုဟာ သတင်းမှားတစ်ခုဖော်ပြမိရင် သတင်းမှားကြောင်းဖော်ပြဖို့ အသိပေးဖို့ ပြင်ဆင်ဖို့ တာဝန်ရှိပြီး သတင်းမမှားခဲ့ဘဲ အခြေအနေတစ်ခုခုကြောင့် သတင်းဖြုတ်ချရတဲ့အခါ ဖြေရှင်းချက်မပေးပါဘူး။ ဒီဖြစ်စဥ်မှာ NHK ဟာ မြောက်ပိုင်းသုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးမစခင် တရုတ်နဲ့ညှိနှိုင်းခဲ့တယ်ဆိုတာကို သတင်းအတိအကျဖော်ပြခဲ့ပေမဲ့ တရုတ်ဖိအား၊ ဝန်ခံလိုက်တဲ့ TNLA ပြောရေးဆိုခွင့်ရှိသူရဲ့ အန္တရာယ်ကြောင့်သာ ၁၀၂၇ စစ်ဆင်ရေးမစခင် တရုတ်နဲ့ ညှိနှိုင်းတိုင်ပင်ခဲ့တယ်ဆိုတဲ့သတင်းကို ဖြုတ်ချခဲ့တဲ့သဘောသာဖြစ်ပြီး ဒီသတင်းမှားယွင်းကြောင်း မကြေညာခဲ့တာကြောင့် ဒီသတင်းဖော်ပြချက်ဟာ မြန်မာ့အချုပ်အခြာအာဏာနဲ့ မြောက်ပိုင်း ၃ ဖွဲ့အပေါ် တရုတ်လွှမ်းမိုးမှုကို တွက်ဆစောင့်ကြည့်ချင်စရာပါလို့ပဲ….။
◾NUG၊ PDF ပြည်တွင်းလက်နက်ကိုင်တွေကို ထောက်ပံ့ဖို့ ပါမလာတဲ့ အမေရိကန်ရဲ့ ဘတ်ဂျက်
အမေရိကန်သမ္မတက ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) (H.R.7900) ကို ၂၀၂၂ ဒီဇင်ဘာ ၂၃ ရက်က အတည်ပြုခဲ့ပြီး အဲဒီအက်ဥပဒေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ‘Burma Act of 2022’ ပါဝင်ခဲ့သလို အဲဒီ NDAA ရဲ့ Burma Act အခန်း (၃) မှာ ကူညီထောက်ပံ့မှုပေးခြင်းကဏ္ဍပါဝင်ပြီး မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်ကနေ၂၀၂၇ ခုနှစ်အထိ ၅ နှစ် အကူအညီပေးမယ်ပါရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွက် အကူအညီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဌာနက ဒေါ်လာ သန်း ၅၀ ဖိုးနဲ့ အခြားဌာနတစ်ခုက ဒေါ်လာ ၄ သန်း စုစုပေါင်း ဒေါ်လာ ၅၄ သန်းကူညီမယ့် အခြေအနေရှိခဲ့သလို မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်အတွင်း လူသားချင်း စာနာမှုအထောက်အပံ့ဆိုပြီး ဒေါ်လာသန်း၂၂၀ လည်း ခွင့်ပြုခဲ့တာပါ။
အဲဒါက ၂၀၂၃ အတွက်ပဲဖြစ်ပြီး ကျန်တဲ့နှစ်တွေအတွက် မပါတာကြောင့် အမေရိကန်ရဲ့ NDAA မှာ ၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆၊ ၂၀၂၇ နှစ်တွေအတွက် မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားသူဆိုတဲ့အစုအဖွဲ့ကို ကူညီရေးအသုံးစရိတ်ကို ဘိုင်ဒန်အပါအဝင် ဆက်ခံတဲ့အစိုးရတွေက လွှတ်တော်မှာ နှစ်စဥ်တင်ပြပြီး အသုံးစရိတ်တောင်းခံရမဲ့သဘောဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီဇင်ဘာ ၂၂ ရက်မှာ အတည်ပြုလိုက်တဲ့ ဒေါ်လာ ၈၆၆ ဘီလျံသုံးမဲ့ ၂၀၂၄ NDAA( H.R. 2670, the “National Defense Authorization Act for Fiscal Year 2024) အရတော့ လာမဲ့ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အမည်ခံလက်နက်ကိုင်တွေကို အထောက်အပံ့ပေးဖို့ အမေရိကန်အစိုးရက သတ်မှတ်ငွေကြေး အတည်ပြုပေးခဲ့တာမျိုး ထပ်မံပါဝင်လာခြင်းမရှိတာလည်းတွေ့ရပါတယ်။
ဒီအခြေအနေဟာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ NUG အပေါ် အမေရိကန်ရဲ့ အမြင်ပြောင်းလဲလား တွေးစရာရှိသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာသိထုတ်ပြန်လိုက်တဲ့ Country Reports on Terrorism 2022 အကြမ်းဖက်မှုအစီရင်ခံစာမှာ မြန်မာနိုင်ငံကအကြမ်းဖက်မှုတွေရဲ့ထက်ဝက်ကို PDF တွေ ကျုးလွန်နေတယ်လို့ ဖော်ပြခဲ့တဲ့ အစီရင်ခံစာကိုလည်းဝိုင်းဝန်းကန့်ကွက်မှုနဲ့ ဖြုတ်ချပေးခဲ့တယ်ဆိုပေမဲ့ အမေရိကန်လို ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ခပ်ညံ့ညံ့မဟုတ်တာကြောင့် NUG ၊ PDF တွေဟာ အကြမ်းဖက်မှုတွေလုပ်နေတာ ငါတို့သိတယ်ဆိုတာမျိုး Message ပေးပြီးသားဖြစ်သလို ၂၀၂၄ NDAA မှာလည်း အရင်လို သတ်သတ်မှတ်မှတ်ခေါင်းစဥ်နဲ့ ခွဲမပေးတော့ဘဲ သထာတဲ့အချိန် ပေးမယ်ကျွေးမယ်၊ မသထာရင်မကျွေးဘူးဆိုသလိုမျိုး NUG နဲ့ PDF အပေါ် အမေရိကန်ချိုးခဲ့ပြီလားဆိုတာကတော့ တွေးဆချင်စရာပါပဲလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။