October 23, 2024

သက်တမ်းလွန်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေမှုကို တွေ့ရစဥ်

MT News

Written by Naing Thuta

မန္တလေးမြို့ရှိ ဆေးရုံများနှင့် ဆေးဝါးကုမ္ပဏီများမှ သက်တမ်းလွန်ဆေးဝါး သိန်း ၇၀၀၀ ကျော်ဖိုးအား ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

သက်တမ်းလွန်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အင်ကျယ်ကျေးရွာ၊ အေးရိပ်ငြိမ်းသုဿန်အနီးရှိကွင်းပြင်တွင် နိုဝင်ဘာ ၂၅ ရက်နေ့နံနက်ပိုင်းက တိုင်းကျန်းမာရေးဦးစီးအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့် ဆေးဝါးကုမ္ပဏီများမှ တာဝန်ရှိသူတို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မန္တလေးမြို့ပေါ်က ပုဂလိကဆေးရုံ၊ ဆေးခန်းတွေက သက်တမ်းလွန်ဆေးဝါးတွေနဲ့ မန္တလေးတိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဖမ်းဆီးရမိတဲ့ တရားမဝင်ဆေးဝါးတွေ အားလုံးကို ဒီနေ့မနက်က အကုန်မီးရှို့ဖျက်ဆီးခဲ့တာပါ။ ကာလတန်ဖိုးအနေနဲ့ သိန်းပေါင်း ၇၀၀၀ ကျော်လောက်ရှိမယ်” ဟု တိုင်းကျန်းမာရေးဦးစီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက  MT News သို့ နိုဝင်ဘာ ၂၅ရက်နေ့က ပြောသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သော သက်တမ်းလွန်ဆေးဝါးများသည် မဟာအောင်မြေမြို့နယ် အတွင်းရှိ ပုဂ္ဂလိကဆေးရုံများနှင့် Mega Lifesciences Ltd ဆေးဝါးကုမ္ပဏီမှ သက်တမ်းလွန်ဆေးဝါးများ (ကာလတန်ဖိုး ၅၉၈,၅၂၆,၃၁၇ ကျပ်)၊ အောင်မြေသာစံမြို့နယ်ရှိ KY & Associates Distribution ဆေးဝါးကုမ္ပဏီမှ သက်တမ်းလွန်ဆေးဝါးများ (ကာလတန်ဖိုး ၆,၇၅၉,၆၀၀ ကျပ်)၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဆေးရုံများနှင့်ဆေးဆိုင် ၁၇ ဆိုင်တို့မှ သက်တမ်းလွန်ဆေးဝါးများ (ကာလတန်ဖိုး ၁၂၆,၅၀၈,၃၇၅ ကျပ်)၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Win Yadanar Bon ကုမ္ပဏီမှ သက်တမ်းလွန်ဆေးဝါးများ (ကာလတန်ဖိုး ၂,၀၄၀,၀၀၀ ကျပ်)နှင့် မန္တလေးတိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဖမ်းဆီးရမိသည့် တရားမဝင်ဆေးဝါးများ (ကာလတန်ဖိုး ၁,၀၀၀,၀၀၀ ကျပ်)၊ စုစုပေါင်း ကာလတန်ဖိုးကျပ်သိန်းပေါင်း ၇၃၄,၈၃၄,၂၉၂ ကျပ်တို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *