၂၆. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တွင် အစ္စရေး-ဂါဇာ စစ်ပွဲကြောင့် ခရစ္စမတ်ပွဲများကိုလည်း ဖျက်သိမ်းပစ်ရမည်ဟု ပါလက်စတိုင်းထောက်ခံသူ ဆန္ဒပြသမားများက ချီတက် အော်ဟစ်ခဲ့ကြရာ ဒီဇင်ဘာ ၂၅ ရက်၊ ခရစ္စမတ်နေ့တွင် ကျင်းပရန်ရှိသော အထိမ်းအမှတ်ပွဲများကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဆန္ဒပြချီတက်လာသော လူအုပ်ကြီးက ‘ခရစ္စမတ်ပွဲကိုဖျက်သိမ်းပစ်’၊ ‘ပါလက်စတိုင်းအရေးတော်ပုံ အဓွန့်ရှည်ရမည်’၊ ‘မျိုးတုံးသတ်ဖြတ်မှုကို ဒို့လက်မခံ’ စသည့် ကြွေးကြော်သံများ အော်ဟစ်လာခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောခဲ့ကြသည်။ ၎င်းတို့က နယူးယော့ခ်မြို့၏လမ်းများပေါ်သို့ တစ်ဟုန်ထိုး ဝင်ရောက်စီးနင်းမှုများလည်းပြုခဲ့ကြရာ ခရစ္စမတ်နေ့ တိုက်ပွဲသဖွယ်ဖြစ်ခဲ့ရကြောင်း ဆိုကြသည်။
ဆန္ဒပြပွဲများက ဒီဇင်ဘာ ၂၅ ရက် နေ့ဘက်မှသည် ညဘက်သို့တိုင်အောင် ဆက်လက်ဖြစ်ပွားခဲ့ရာ ခရစ္စမတ်ညတွင် ဆန္ဒပြသမားများနှင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုများဖြစ်ပွားနေခဲ့သည်ကို တွေ့ကြရသည်။ နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြမှုများကြောင့် ရဲတပ်ဖွဲ့၏ အင်အားစုရုံးမှုကို အဆင့် သုံးအထိ မြှင့်တင်ထားခဲ့ကြောင်း ပြောခဲ့သည်။
ဆန္ဒပြသူများမှ လေးဦးအား ဥပဒေနှင့်မညီချိုးဖောက်ဆောင်ရွက်မှု၊ တစ်ဦးအားခြိမ်းခြောက်မှုနှင့် တစ်ဦးအားနံရံများပေါ်တွင် အရုပ်များရေးဆွဲမှုတို့ဖြင့် စုစုပေါင်းခြောက်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆန္ဒပြသမားများမှာ များပြားလွန်း၍ နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့အနေဖြင့် ဆန္ဒပြသမားဦးရေကို အတိအကျပင် မပြောနိုင်ကြောင်း သိရသည်။
Ref——-New York Post