၂၆. ၁၂. ၂၀၂၃
Written by Hey Mar
ဆင်တစ်ကောင် မုန်ယိုပြီး ကိုင်းတောထဲ ဝင်ပြေးရာက ကိုင်းထဲမှာ မြက်ရိတ်နေသူကို နင်းမိတာကြောင့် ဦးခေါင်းကွဲကြေသေဆုံးခဲ့တဲ့ ဖြစ်စဥ် ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းထံက သိရပါတယ်။
ဖြစ်စဥ်အရ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာ၊ သံတံတားအနီး ကိုင်းကွက်ထဲ မြက်ရိတ်နေတဲ့ ကိုစိန်ဝင်း (အုန်းပင်ကျေးရွာနေထိုင်သူ) ကို မအူပင်ကျေးရွာက အလှူလှည့်လည်ရာမှာ ပါဝင်ကပြတဲ့ ဆင်က မုန်ထပြီး ပြေးလာရင်း တက်နင်းသွားတာလို့ သိရပါတယ်။
ဆင်နင်းတဲ့ နေရာမှာတင် ကိုစိန်ဝင်းဟာ ဦးခေါင်းချိုင့်ကြေ ၊ ပခုံးအရိုးကျိုး ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့အတွက် ရင်ခုန်သံ ရှင်သန်ရေးအဖွဲ့က အလောင်းကို စနစ်တကျထုပ်ပိုးသယ်ဆောင်ပြီး အုတ်တွင်းဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ရင်ခုန်သံ ရင်သန်ရေးနာရေးကူညီမှုအသင်း