၂၄. ၁၂. ၂၀၂၃
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ယနေ့ ကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်း အနားတွင် ပြောကြားသည်။
ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားခြင်းဖြစ်သည့်အတွက် လူအဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်သည့် အစိုးရတိုင်းသည် ငြိမ်းချမ်းရေးအတွက် အလေးအနက်ထား အစဉ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
SAC အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ ကြွရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့်လည်း မိမိတို့နေထိုင်ရာဒေသ၊ မိမိတို့နေထိုင်ရာ နိုင်ငံတော် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှ နည်းလမ်းများဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။