၂၆. ၁၂. ၂၀၂၃
Written By Thandar
၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ဒုတိယအဆင့် ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ် ၉၇ ဦးကို စိစစ်အပြီးမှာ နောက်ဆုံးအဆင့် ယှဥ်ပြိုင်ရမဲ့ ရွှေကြိုမောင်မယ် ၅၆ ဦးရဲ့စာရင်းတွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရွှေကြိုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်တဲ့ ရွှေကြိုမောင်မယ် အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၅၆ ဦးတို့က လာမယ့် ဒီဇင်ဘာ ၂၈ ရက် မနက် ၉ နာရီခွဲအချိန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကျင်းပမဲ့ နောက်ဆုံး အဆင့်ရွှေကြိုရွေးချယ်ပွဲကို ထပ်မံယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်တွေရွေးချယ်ဖို့ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ လျှောက်လွှာတွေခေါ်ယူခဲ့ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီသူ ၂၅၃ ဦး လျှောက်ထားခဲ့ပြီး ပဏာမအဆင့် လူတွေ့ရွေးချယ်ခဲ့အပြီး ဒုတိယအဆင့်မှာ ရွှေကြိုမောင်မယ် ၉၇ ဦးကို ဒီဇင်ဘာ ၂၄ ရက်က ဒုတိယအဆင့် ထပ်မံ လူတွေ့စစ်ဆေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒုတိယအဆင့် လူတွေ့စစ်ဆေးရွေးချယ်ခဲ့အပြီး ဆက်လက် ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ် ၅၆ ဦးကို နောက်ဆုံးအဆင့်အနေနဲ့ ရွေးချယ်မှုပြုလုပ်ပြီးရင် ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကယ်ဒမီ ရွှေကြိုမောင်မယ်အဖြစ် ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။
ရွှေကြိုမောင်မယ်ရွေးချယ်ပွဲကို အကယ်ဒမီဝါရင့် သရုပ်ဆောင်တွေနဲ့ စုဖွဲ့ထားပြီး အကဲဖြတ်ဒိုင်အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ အောင်ခိုင်တို့အပါအဝင် အသိပညာရှင် အတတ်ပညာရှင်များစွာက အသံပီသမှု၊ လမ်းလျှောက်မှုဟန်ပန် သရုပ်ဖော်ပြသခြင်းတွေ ကျွမ်းကျင်ရာပြသမှုတို့ကို အမှတ်ပေးကြပြီး စိစစ် ရွေးချယ်နေတာဖြစ်ပါတယ်။