October 19, 2024

ပုံစာ- ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။

၁၉. ၁၂. ၂၀၂၃
Written by Ye Kyaw

ယခုနွေစပါးစိုက်ရာသီတွင် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများအတွက် တောင်သူများအား ဒီဇယ်တစ်ဂါလန် ကျပ် ၁၃,၀၀၀ နှုန်းဖြင့် တစ်ဧက ဒီဇယ် ၄ ဂါလန် စတင်ထုတ်ရောင်းပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

“ဒီဇယ်က တစ်ဂါလန်ကို ၁၃,၀၀၀ ပေါ့။ နယ်မှာတော့ ဂါလန်နဲ့ပဲတွက်တာဆိုတော့ ဂါလန်နဲ့ပဲ။ ဒီနေ့ပဲ ကျွန်တော်တို့ မြို့နယ်အတွက် ၁၀ ပေပါ ခွဲတမ်း စရတယ်။ ဒီနေ့ နေ့ခင်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ အမှန်တကယ် တောင်သူလိုအပ်ချက် စာရင်းလေးတွေ ကောက်နေတယ်။ အခုတော့ ရှိတဲ့ဟာလေးနဲ့ အရင်ဆုံး ဦးစားပေး စာရင်းတော့ လုပ်နေတယ်” ဟု ပဲခူးတိုင်းဒေသကြီး၊ သာယာတီမြို့နယ်၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အလုပ်အမှုဆောင် ဦးထွန်းလင်းအောင်က MT News သို့ ပြောသည်။

စက်သုံးဆီလိုအပ်သည့် တောင်သူလယ်သမားများအနေဖြင့် ရပ်‌ကျေးအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် စာရင်းပေးသွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်များတွင် စက်သုံးဆီထုတ်ပေးသည့် စုရပ်တစ်ခုထားရှိကာ အမှန်တကယ်လိုအပ်သည့် တောင်သူလယ်သမားများကို ထုတ်ရောင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဇယ်က အခုဝယ်ရတာတော့ တစ်ဂါလန် ၁၄,၀၀၀ လောက်ဝယ်ရတယ်။ ဆက်တက်နိုင်တဲ့ အနေအထားလည်းရှိတော့ ၁၃,၀၀၀ နဲ့ ဈေးဖြတ်လိုက်တာဖြစ်မယ်။ ရောင်းပေးတာတော့ ကောင်းတာပေါ့။ လယ်ဧကများတဲ့သူတွေအတွက် အဆင်‌ပြေတယ်လေ။ ဒီဘက်မှာတော့ ဘာမှတော့ မကြေညာသေးဘူး” ဟု ပဲခူးတိုင်းဒေသကြီး၊ ‌ပေါင်းတည်မြို့နယ်ရှိ လယ်ထွန်စက်နှင့် ရိတ်ခြွေစက်များဖြင့် ဝန်ဆောင်မှုပေးနေသည့် လယ်သမားတစ်ဦးက ပြောသည်။

ယခု နွေစပါးစိုက်ရာသီတွင် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်သုံးဆီဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းအနေဖြင့် The Perpetual Company Limited (TPC) ကုမ္ပဏီနှင့် ပူးပေါင်း၍ ရေကျနောက်စိုက်နှင့် နွေစပါးစိုက်ဆောင်သူများအတွက် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *