MT News
Written by Thi Ha
ရှမ်းပြည်နယ်တောင်ပိုင်းမှ သယ်ဆောင်လာပြီး မြိတ်မြို့မှတစ်ဆင့် ပြည်ပသို့တင်ပို့မည့် ကျပ်ဘီလျံ ၃၀ တန်ဖိုးရှိ ICE(Methamphetamine) မူးယစ်ဆေးဝါးများ ဖြန့်ချိသူ ၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၅ ရက် ည ၁၁ နာရီခန့်တွင် သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီခွဲအချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များအား ပင်လယ်ပြင်သို့ သယ်ဆောင်မည့်အဖွဲ့ရောက်ရှိနေကြောင်းသတင်းအရ အတည်ပြုရှာဖွေဖော်ထုတ်ခဲ့ရာ မြိတ်မြို့ လယ်ကယ်ကျေးရွာအနီးတွင် အိုငယ်(ခ)ခင်ကျော်နိုင်အား FUSO ၆ ဘီး မော်တော် ယာဉ် ၁ စီး၊ Toyota Celsior မော်တော်ယာဉ် ၁ စီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ FUSO ၆ ဘီးယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စစ်ဆေး၍ ဆက်စပ်ဖော်ထုတ်မှုများအရ ဘောမ်ထန်(ခ)ဘောမ်ဆောင်၊ ရှရွယ် (ခ)အလာနှင့် ဘောမ်ဇုန်း တို့ ၃ ဦးအား နိုဝင်ဘာ ၁၀ ရက်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ အမှတ်(၁)ဘောတံတား၌ လည်းကောင်း၊ ဇော်တွယ်နှင့် လွမ်းဟူ တို့ ၂ ဦးအား မြိတ်မြို့၊ ကလွင်ကျေးရွာ၌ CALDINA မော်တော်ယာဉ် ၁ စီး၊ NISSAN AD VAN မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်၌ သန့်ဇင်နှင့် ဇနီးဖြစ်သူ မအေးမြတ်စန္ဒာထွန်းတို့အား ရေဖြူမြို့နယ်၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ NISSAN မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ စောအောင်နှင့် သီဟတို့အား ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ တည်းခိုခန်း၌လည်းကောင်း၊ သန့်ဇင်ဦးအား တွံတေးမြို့နယ်၊ ခလောက်ခလူးကျေးရွာရှိ ၎င်း၏နေအိမ်၌ လည်းကောင်း၊ မြင့်ဇော်ဦးအား ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၈)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌လည်းကောင်း၊ အိုက်စ် (မက်သ်အဖက်တမင်း)များ တာဝန်ခံသယ်ဆောင်သူ ဇော်ဂျီ(ခ)အားချင်း အား နိုဝင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့၊ အမှတ်(၅) ရပ်ကွက်၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးမိသူများကို စစ်ဆေးချက်များအရ အဆိုပါ ICE (Methamphetamine) များအား ရှမ်းပြည်နယ်တောင်ပိုင်းမှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှတစ်ဆင့် အက်ဒမန်ပင်လယ်ရေကြောင်းအသုံးပြုကာ ပြည်ပသို့ ဆက်လက်ပို့ဆောင်မည်ဟုသိရသဖြင့် ဖမ်းဆီးရမိသူ ၁၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။