October 19, 2024

ပုံစာ- ရန်ကုန်မြို့တွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုကို တွေ့ရစဉ် (Photo-Nyein Kyaw)

၂၆. ၁၂. ၂၀၂၃
Written by Nyein Kyaw

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၂၆ (ယနေ့)မှစ၍ ဇန်နဝါရီ ၂ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလအတွင်း သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၁၀၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့ အသိပေး ကြေညာသည်။

ထို့အတူ ကမ်းလွန်ရွှေဂက်စ်မှ မြင်းခြံသို့ ပေးပို့နေသော တောင်သာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်နေသောကြောင့် ဒီဇင်ဘာ ၂၆ ရက် (ယနေ့) နံနက် ၁၀ နာရီခွဲမှ မွန်းလွဲ ၂ နာရီခွဲအထိ အရေးပေါ်ရပ်တန့် ပြင်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဂတ်စ်ပေးပို့မှုရပ်တန့်ရမည်ဖြစ်သောကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်နိုင်မှု ၃၁၅ မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်သည်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်၍ အရေးပေါ် ဝန်အားလျှော့၊ ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *