October 19, 2024

၂၆. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟု ဂါဇာကမ်းမြောင်ဒေသသို့ ခရီးသွားရောက်အပြီး ပြန်လည်၍ အရောက်တွင် ဂါဇာ၌ အစ္စရေးတို့က ရေရှည်စစ်ပွဲဆင်နွှဲသွားလိမ့်မည်ဖြစ်ကြောင်း အစ္စရေးပါလီမန်၌ ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

ဒီဇင်ဘာလ ၂၅ ရက်က ပြုလုပ်ခဲ့သော ပါလီမန်အထူးအ စည်းအဝေးတစ်ရပ်တွင် နေတန်ရာဟု၏ပြောကြားချက်မှာ ဂါဇာဒေသတွင် ဟားမားစ်တို့၏ ဖမ်းဆီးခြင်းခံထားရသော ဓားစာခံများ၏ မိသားစုများက ဝင်ရောက်ကြားဖြတ်အော်ဟစ်ခြင်းကို ခံခဲ့ရသည်။ ထောင်နှင့်ချီသော ဆန္ဒပြသမားများက ဖမ်းဆီးခံထားရသော မိသားစုဝင်ဓားစာခံများ၏ ရုပ်ပုံများနှင့်အမည်များကိုဖော်ပြထားသည့် ပိုစတာများနှင့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ပါလီမန်အဆောက်အအုံရှေ့တွင်ဆန္ဒပြခဲ့ကြခြင်းလည်းဖြစ်သည်။

နေတန်ရာဟု က အစ္စရေးလွှတ်တော်အမတ်များကို အစ္စရေးအနေနှင့် စစ်ရေးအရဖိအားပေးမှုမရှိပါလျက်နှင့် ဂါဇာ တွင်ဖမ်းဆီးခံထားရသော ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးမှာ အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ ဓားစာခံများပြန်လည်လွတ်မြောက်ရေးအတွက် ကတိပေးပါကြောင်း၊ သို့သော်ထိုကိစ္စအတွက် အချိန်ပေးရလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း ဆန္ဒပြသမားများက ဓားစာခံများပြန်လည်လွတ်မြောက်ဖို့ရန် “အချိန်မရှိတော့ပါ” ဟုကြွေးကြော်သံများ ဟစ်အော်ခဲ့ကြကြောင်း အစ္စရေးမီဒီယာများကဖော်ပြခဲ့သည်။

ဒီဇင်ဘာလ ၂၅ ရက်တွင်ပင် ဂါဇာဒေသ၌ အစ္စရေးတို့တိုက်ခိုက်မှုကြောင့် ၂၄ နာရီအတွင်းသေဆုံးသူအ ရေအတွက် အနည်းဆုံး ၂၅၀ ခန့်နှင့် ဒဏ်ရာရသူ ၅၀၀ ခန့်ရှိခဲ့ကြောင်း ဟားမားစ်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနကပြောခဲ့သည်။အောက်တိုဘာလ ၇ ရက်မှစ၍ အစ္စရေးတို့တိုက်ခိုက်မှုကြောင့် ဂါဇာဒေသ၌သေဆုံးသည့် ပါလက်စတိုင်းဦးရေ ၂၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်းလည်းသိရသည်။

Ref- CNN, Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *