October 19, 2024

၂၆. ၁၂. ၂၀၂၃
Written By Thandar

မပွတ်ကျွတ်နာမည်နဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ မင်းသမီး အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ ဖခင်ဟာ အဆုတ်ကင်ဆာနဲ့ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

“ညပိုင်းလောက်က မင်းသမီး ခိုင်သင်းကြည်ရဲ့ ဖခင်ဖြစ်သူလည်း ဆုံးသွားတယ်။ တော်တော်လေး ကြာပြီ။ အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ကို အင်တိုက်အား တိုက် မိသားစုလိုက်ပြုစုနေတာ။ ရင်ထဲမကောင်းဖြစ်ရပါတယ်။ မနက်ဖြန်လောက်တော့ နာရေးရှိတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူက MTNews Entertainment ကို ပြောပါတယ်။

သူမက အနုပညာအလုပ်တွေ ရပ်နားထားရပြီး အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ ဖခင်ကြီးအနားမှာပြုစုနေတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းလောက်မှာ ပရိသတ်ကို အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။

“မင်္ဂလာပါရှင်။ Facebook မသုံးဖြစ်တာ ၁ နှစ်ခွဲလောက် ကာလအတွင်း အလှပုံတွေလည်း မတင်ဖြစ်သလို အနုပညာ အလုပ်တွေလည်း မလုပ်ဖြစ်တော့ ပရိသတ်တွေနဲ့လည်း အဆက်အသွယ်ပြတ်သလိုဖြစ်သွားပါတယ်။ အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ ဖခင်ကြီးနားမှာပဲနေပြီး ပြုစုနေတာ၂ နှစ်နီးပါးရှိပါပြီ။ တဖြည်းဖြည်းနဲ့ အခုချိန်မှာတော့ အိပ်ရာပေါ်မှာဘဲ အကူမပါရင် မထနိုင်တော့သလို အစားအသောက်လည်း ခွံ့ကျွေးမှစားနိုင်ပါတော့တယ်”လို ခိုင်သင်းကြည်က ပရိသတ်တွေသိအောင် ပြောလာပါတယ်။

သူမက ဖခင်ဖြစ်သူ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားသလို လူမှုကွန်ရက်စာမျက်နှာကို မသုံးဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဖခင်ဖြစ်သူကို မိသားစုလိုက် သေချာအချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာမို့ ရုပ်ရှင်ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေကိုလည်း အချိန်အကြာကြီးမပေးနိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *