၂၆.၁၁. ၂၀၂၂
Written by Thi Ha
ပြီးခဲ့သည့် ရက်ပိုင်းက ရွှေပြည်သာမြို့နယ် သာဓုကန်ဘုရားဝန်းအတွင်း ရောက်ရှိနေသည့် မျိုးတုန်းလုဖြစ်နေသော ရှားပါးမျိုးစိတ် မြန်မာ့မျိုးရင်း သွေးစပါးအုံးမြွေ (Blood Python) အမျိုးအစားမြွေအား သဘာဝတောအတွင်း ပြန်လွှတ်ပေးနိုင်ရေးအတွက် ပရဟိတအသင်းများ၊ စေတနာရှင်များနှင့် Wildlife of Myanmar အဖွဲ့မှ ပူးပေါင်းကူညီ ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ကြောင်း MT News ၏ ဆက်သွယ်မေးမြန်းမှုများအရ သိရသည်။
ဘုရားမြွေအဖြစ် လှောင်ပိတ်ခံနေရသဖြင့် အဆိုပါမြွေမျိုးစိတ်မှာ မြန်မာနိုင်ငံတွင် အကောင်ရေအရမ်းနည်းနေသည့် ရှားပါးမျိုးစိတ်ဖြစ်ပြီး သဘာဝအတိုင်းပြန်လည်ရှင်သန်ဖို့ လိုအပ်နေကြောင်း ရှင်းပြအလှုခံခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်အခြေစိုက်၊ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ မလဲ့လဲ့ဝင်းက ဆိုသည်။
မလဲ့လဲ့ဝင်းသည် အမျိုးသမီးမြွေဖမ်းကျွမ်းကျင်သူအဖြစ် ထင်ရှားသူလည်း ဖြစ်သည်။ လူနေအိမ်များအတွင်း ဝင်ရောက်ခိုအောင်းနေသောမြွေမျိုးစိတ် အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာဖမ်းဆီးပြီး သဘာဝအတိုင်း ဂေဟစနစ်မပျက် ရှင်သန်နေထိုင်နိုင်အောင် ကြိုးစားနေသူလည်း ဖြစ်သည်။ သူက “ပထမတော့ ညှိနှိုင်းရတယ်။ သည်မြွေကနေပြီး လာဘ်လာဘ ရှိတဲ့အခါ၊ မြွေခြံစောင့်တဲ့ မြွေဆရာတွေက ဘာလုပ်ပေး ညာလုပ်ပေး တောင်းဆိုတာလည်း ရှိပါတယ်”ဟု ဆိုသည်။
ထိုမြွေကို စပါးကြီးနှင့်မြွေပွေး စပ်ပြီး ပေါက်လာသည့် အဆိပ်ပြင်းမြွေ အမှတ်ဖြင့် လှောင်ပိတ်ထားပြီး အစွယ်ချိုးမည်ဟု သိထားရသဖြင့် အခက်အခဲများကြားမှ ဆွေးနွေးကယ်တင်နိုင်ခဲ့ကြောင်း မကြာခင် သဘာဝအတိုင်းနေနိုင်ဖို့ သဘာဝတောအတွင်း ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်းလည်း Wildlife of Myanmar အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသူ ကိုတိုးအောင်က MT News သို့ ပြောသည်။