October 19, 2024

၂၆. ၁၂. ၂၀၂၃
Written By Thandar

၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၃၅ ကားကို ပထမအကြိမ် စတင်စိစစ်မှုတွေ စတင်နေပြီဖြစ်တယ်လို့ အကဲဖြတ်အဖွဲ့ဝင် အကယ်ဒမီ ဒါရိုက်တာ ဇော်မြင့်ဦးက MTNews Entertainment ကိုပြောပါတယ်။

“လက်ရှိ အကယ်ဒမီ၊ လက်ရှိပြက္ခဒိန်နှစ်အရ စုစုပေါင်း စာရင်းဝင် ၃၅ ကားကို ပထမအကြိမ် စိစစ်ကြည့်ရှု့မှုတွေလုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။ စာရိတ္တရုပ်ရှင်ကားက သတ်မှတ်ထားတဲ့ ပြသရက် ၂ ပတ်ဝင်တော့ နောက် တန်းစီထားတဲ့ ဂျလေဘီ ရုပ်ရှင်ကားက နောက်နှစ်ထဲကို စာရင်းဝင်သွားတယ်။ ဒီ ၃၅ ကားကို ပထမအကြိမ် ကြည့်ရှုပြီးပါပြီ။ ဒီဇင်ဘာ နောက်ဆုံးအပတ်မှာ ဒုတိယအကြိမ် ဇာတ်ကားစိစစ်ဖို့ ရှ်ိပါတယ်။ ဒီနှစ် ဇာတ်ကားအရေအတွက် နည်းပေမယ့် အဆင့်မီတဲ့ ဇာတ်ကားတွေပါပါတယ်။ ဟာသကားတွေ များပေမယ့် အဆင့်မီကားတွေလည်း ပါပါတယ်။ ဒီနှစ်ကတော့ အပြိုင်အဆိုင်လေးတွေ ရှိနေပါတယ်”လို့ အကယ်ဒမီ အကဲဖြတ်အဖွဲ့ဝင် အကယ်ဒမီ ဒါရိုက်တာ ဇော်မြင့်ဦးက MTNews Entertainment ကို ပြောပါတယ်။

အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားတွေကို စိစစ်ရွေးချယ်ရေး အကဲဖြတ်အဖွဲ့အနေနဲ့ အလွှာအသီးသီးက လူဦးရေ ၂၅ ယောက်နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ မကြာခင် အကဲဖြတ်အဖွဲ့ဝင် အလွှာအသီးသီးကို ကြေညာပေးသွားမယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ လက်ရှိကြည့်နေတဲ့ ဇာတ်ကားတွေထဲမှာ အထူးဆုထဲ ဝင်မလား၊ ဒီရိုးရိုးဆုတဲ့ ဝင်မလားဆိုတာ လာမယ့်အပတ်အစည်းအဝေးမှာ ပြန်ပြီးတော့ညှိဖို့ရှိပါတယ်။ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာတော့ အရင်နှစ်တွေက ၁၁ ဆု ပေးတာဆိုတော့လေ။ ဒီနှစ်ကတော့ ၁၂ ဆုပေါ့။ အထူးဆုပါအပါ ၁၂ ဆုပါ။ အတိအကျကတော့ ပြောလို့မရသေးဘူး။ ဒါကြောင့်ဘယ်နှစ်ဆုရမလဲလို့ ပြောလို့မရသေးဘူး။ထူးခြားတဲ့ဆုလေးတွေပါလာတဲ့အတွက် ကျွန်တော်တို့လောကအတွက် ပိုကောင်းတာပေါ့။ ဒီနှစ်လည်းပါကောင်းပါနိုင်ပါတယ်။ ဒီနှစ်ကတော့ ဖေဖော်ဝါရီလမှာကျင်းပမှာပါ။ ဒီနှစ်လည်းပရိသတ်စိတ်၀င်စားမယ့်နှစ်လို့ပဲ ပြောချင်ပါတယ်။ ဆုတွေထွက်လာရင် ပရိသတ်ဆန္ဒနဲ့ပဲကိုက်ညီမလား၊ ပရိသတ် ဆန္ဒမရှိတဲ့ကားတွေပဲ ပါလာမလားဆိုတာကြေညာတဲ့အချိန်ကြရင်တော့သိရမှာပါ”လို့ သူကဆက်ပြောပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ နေပြည်တော်မြို့မှာ ၂၀၂၃ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုကို ပေးအပ်သွားမယ်လို့လည်း သိရပြီး လက်ရှိမှာတော့ အကယ်ဒမီပေးပွဲအတွက် ရွှေကြိုတွေရွေးချယ်မှုက ပဏာမစာရင်းမှာ ၉၇ ယောက်ရွေးချယ်ထားပြီး ဒုတိယအဆင့်အတွက် စိစစ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *